ရွှေဘိုမှာ စစ်ကောင်စီစစ်ကြောင်း တင့်ကားဖျက်မိုင်းအပါ မိုင်း ၂၄ လုံးဆွဲခံရလို့ သေဆုံးသူများပြား

ရွှေဘိုမှာ စစ်ကောင်စီစစ်ကြောင်း တင့်ကားဖျက်မိုင်းအပါ မိုင်း ၂၄ လုံးဆွဲခံရလို့ သေဆုံးသူများပြား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ ကင်းပုန်းဝပ်ဖို့လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မိုင်း ၂၄ လုံးနဲ့ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှု အများအပြားရှိတယ်လို့ ရွှေဘိုမြို့နယ်မှာအခြေစိုက်တဲ့ Burma Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့နယ်၊ ရွှေဘို - ကျောက်မြောင်းလမ်းမှာ ဇွန်လ ၁၀ ရက် မနက်က ကင်းပုန်းဝပ်ဖို့ ခြေလျင်စစ်ကြောင်း ထွက်လာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နေရာ ၅ ခုကနေ စမ်းသပ်တင့်ကားဖျက်မိုင်း ၆ လုံးအပါ မိုင်းအကြီးအသေးမျိုးစုံ ၂၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေကို ရွှေမိစက်သုံးဆီဆိုင်အနီးမှာ မိုင်း ၆ လုံး၊ ကြက်မွေးမြူရေးဇုံအနီးမှာ မိုင်း ၄ လုံး၊ ကြက်မွေမြူရေးဇုံထဲက အိမ်အနီးမှာ ၄ လုံး၊ မင်းဘေးရွာ ဇရပ်အနီးမှာ ၄ လုံး၊ ကြက်မွေးမြူရေးဇုံ အုပ်ချုပ်ရေးမှူးရုံးအနီးမှာ မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ခိုက်ခံရလို့ စစ်ကောင်စီ စစ်သား ၁၅ ဦးသေကာ ၈ ဦး ပြင်းထန်ဒဏ်ရာရခဲ့သလို ထပ်မံသေဆုံးမှုများနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ Burma Rangersအဖွဲ့ တာဝန်ခံ ဗိုလ်အေဒီက ပြောပါတယ်။

"စစ်တပ်လှုပ်ရှားရာနေရာတွေကို ကျနော်တို့က ဘာမှမလုပ်ဘဲ လွတ်ထားလိုက်ပြီး မျက်ခြေမပြတ် စောင့်ကြည့်နေတာ။ အဲဒီမှာ ဒီကောင်တွေကလည်း စိတ်ချရပြီအထင်နဲ့ ရဲရဲတင်းတင်းနဲ့ပြန်အလာမှာ ကျနော်တို့ဆင်ထားတဲ့အထဲကွက်တိရောက်လာလို့၊ ထိခိုက်မှုများသွားတာ" လို့ သူကပြောပါတယ်။

ကြက်မွေးမြူရေးဇုံအနီးတိုက်ခိုက်မှုမှာ စစ်သား ၇ ဦး၊ မင်းဘေးရွာဇရပ်အနီးမှာ ၅ ဦးအသီးသီးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

ကြက်မွေးမြူရေးဇုံ အုပ်ချုပ်ရေးမှူးရုံးအနီးကနေ ၆၀ မမအပြင် လက်နက်ငယ်နဲ့ပစ်ခတ်နေတဲ့စစ်သားတွေကို တိုက်ခိုက်ရာမှာတော့ ၃ ဦးသေကာ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့တယ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတပါတယ်။ 

စစ်ကောင်စီဘက်က အထက်ပါ သေဆုံးဒဏ်ရာရမှုအခြေအနေကို မြေလတ်အသံသတင်းဌာနက သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။ 

ကြက်မွေးမြူရေးခြံထဲကို ရောက်နေတဲ့ သေဆုံးနဲ့ဒဏ်ရာရစစ်သားတွေကို ကျောက်မြောင်းမြို့ကနေ ရွှေဘိုဘက်ကိုမောင်းလာတဲ့မိုးကာအုပ် ၁၂ ဘီးကားတစီးနဲ့ ရွှေဘို အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို သယ်သွားတယ်လို့ဆိုပါတယ်။

Burma Rangersအဖွဲ့နဲ့ မဟာမိတ်တွေဟာ ပြီးခဲ့တဲ့ဧပြီလ ၂ ရက် ညနေ ၃ နာရီလောက်လည်း ရွှေဘိုမြို့၊ တက္ကသိုလ်ဂိတ်ပေါက်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်သားတွေကိုစီးနင်းတိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦးသေဆုံးခဲ့သလို မဟာမိတ်တွေဘက်ကလည်း ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

ရွှေဘိုမြို့နယ်ကို စစ်ကောင်စီက အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ်တို့နဲ့အတူ ဖေဖေါ်ဝါရီလ ၂၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားတာဖြစ်ပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #Burma Rangers #ကျောက်မြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10