ရှင်စခဘောမတို့ဖွတဲ့ကိန်းဆိုက်ပြီ

ရှင်စခဘောမတို့ဖွတဲ့ကိန်းဆိုက်ပြီ

"ဗျိုး စာရေးသူကြီး၊ ငြိမ်ချက်သားကောင်းလှချည်လား။ အိမ်ဘက်တောင်မလာဘူး။ လာဗျာ အညောင်းပြေ စျေးဘက်သွားရအောင်"

မိတ်ဆွေကြီးကိုဘုန်း၏ အသံပြုမှုကြောင့် ဖတ်လက်စစာအုပ်ကိုပိတ်ရင်း အိမ်ထဲလာဖို့ခေါ်လိုက်ရ၏။

    "ကိုရွှေဘုန်းက စျေးတွေဘာတွေသွားမယ်ဆိုတော့ ဘာတွေများဝယ်ဖို့ချမ်းဖို့ပါလိမ့်"

     "ဘာရယ်တော့မဟုတ်ဘူး စာရေးသူကြီးရေ။ ဟိုရောက်တော့မှ အဆင်ပြေရာတခုခုပေါ့ဗျာ"

       ကျုပ်လည်းစကားတပြောပြောနဲ့ အဝတ်အစားလဲရင်း ညကဖတ်မိတဲ့ သတင်းကိုအတွေးရောက်ရင်း ပြုံးနေမိတယ်။ အဝတ်အစားလဲဖယ်ပြီး နှစ်ယောက်သားစျေးဘက် ထွက်လာကြတယ်။

"ကိုဘုန်း မှတ်ပုံတင်မိတ္တူတို့သန်းကောင်စရင်းမိတ္တူတို့ပါရဲ့လားဗျ" 

"ဟင်  ဘာလုပ်ဖို့တုန်း စာရေးသူကြီးရဲ့။ ကန်ဇွန်းရွက်၊ ချဥ်ပေါင်ရွက်၊ အရည်ချိုငပိဝယ်မယ့်ဥစ္စာ အဲဒီမိတ္တူဆိုသဟာတွေလိုလို့လားဗျ။ ဒါမှမဟုတ်စျေးအဝင်ပေါက်တွေမှာစစ်ဆေးရေးတွေ ဘာတွေချထားလို့လား။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး လက်မှတ်လိုသေးလား"

"ဟားဟား  ကျုပ်ကနောက်တာပါ ကိုဘုန်းရယ်။ သတင်းထဲမယ် လက်လုပ်လက်စားတွေရွှေတွေလွှတ်ဝယ်နေလို့ဘာညာမိတ္တူတွေနဲ့ ရောင်းနေရတယ်ဖတ်ထားမိလို့ပါ။ ကိုဘုန်းများ ရွှေဝယ်သွားတာလားလို့ပါဗျာ"

"စာရေးသူကြီးကတော့လုပ်ပြီ။ MRTVလိမ်နေသည်။ MWD ညာနေသည်တွေပါဗျာ။ ခမျာတွေလည်းလိမ်ရင်းလိမ်ရင်းနဲ့ပြန်တောင် မဖြည်တတ်တော့လောက်တော့ဘူးဗျို့။ ကျုပ်အိမ်က တီဗီလေးတောင်ဘောင်တောင့်တောင့်လေးလုပ်ထားဦးမှပါဗျာ၊ တော်ကြာတီဗီလေးပါ လိမ်ကောက်သွားရင်အခက်။ လက်လုပ်လက်စားတွေမှာဖြင့် ကျုပ်တို့ရွာကမောင်ဦးပြောသလို ခေါင်းလိမ်းဆီနေပါဦး အမင်းတောင်အနိူင်နိူင်ပါဗျာ။"

"ရန်ကုန်ကလူတွေဘက်လှမ်းလက်တော့ဖြင့်မေးရဦးမယ် ကိုဘုန်းရဲ့။ အဲဒီဘက်မယ် ရှင်အဇ္ဇဂေါဏများပြန်ကြွလာသလားဘာလားဆိုသဟာကိုလေ။ လက်လုပ်လက်စားတွေ ရွှေတကျပ်သား ၂၅ သိန်းကို အလုအယက်ဝယ်နေကြလို့ ရွှေလုပ်ငန်းရှင်အသင်းက မရိုးမသားတွေပါမှာစိုးပြီး မိတ္တူတွေတောင်းရ၊ ဝယ်ယူခွင့်အလေးချိန် ကန့်သတ်ရဆိုတာကိုး"

"ရှင်အဇ္ဇဂေါဏတော့မဟုတ်လောက်ဘူးဗျို့၊ ရှင်စခဘောမဖြစ်ကောင်းဖြစ်မယ် ဟားဟားဟား"

မိတ်ဆွေကြီး ကိုဘုန်းလည်းစုတ်တသပ်သပ် သက်ပြင်းတချချနှင့်စျေးဝယ်ပြီး စျေးထိပ်လက်ဖက်ရည်ဆိုင်တွင်ဝင်ထိုင်ကြချေ၏။ စျေးထိပ်ဆိုင်ဆိုတော့အသံဗလံတွေ ဆူညံလို့ပေါ့။

" ဒါနဲ့ကိုဘုန်း မအလနဲ့စခတသိုက်ကတော့ မည်းမည်းမြင်ရာအကုန်ကိုက်နေတာပဲဗျို့။ လူသတ်၊ ဒမြတိုက်၊ အနုကြမ်းစီး၊ ရွာမီးရှို့"

"ချောင်ပိတ်အရိုက်ခံရတဲ့ခွေးရူးလိုဖြစ်နေတာပေါ့ စာရေးသူကြီးရာ။ နုဂျီက ၂၀၂၃ မယ် မအလနဲ့စခတသိုက်ကိုအပြတ်ဖိုက်မယ်၊ မအလနဲ့စခတသိုက်ရဲ့ထွက်ပေါက်လိုဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲဆိုသဟာကြီးကိုလည်း မပျက်ပျက်အောင်ဖျက်မယ်လို့ ပြောထားတာလေ၊ ဒီတော့အရပ်ထဲပတ်ရမ်းနေတဲ့ခွေးရူးကိုဘက်စုံကညှပ်တီးသလို အတီးခံနေရတော့မည်းမည်းမြင်ရာ ကိုက်တော့တာပေါ့"

"အေးဗျာ ကိုဘုန်းရာ၊ နုဂျီအနေနဲ့တော့ ၂၀၂၃ ရွေးကောက်ပွဲအိပ်မက်ကိုဖျက်ဖို့က မအလကြီးရဲ့သောက်ခွက်ဖြတ်ကန်သလိုနှံမှဖြစ်မှာ၊ အိပ်မက်ကိုမက်ခွင့်မပေးပါမှဗျ။ နိူ့မဟုတ်ရင် ၂၀၀၈ နာဂစ်အစိမ်းကြီးထောက်ခံမဲလိမ်သလိုလိမ်ဦးမှာပဲဗျနော"

"ဟုတ်ပ  စာရေးသူကြီးရာ။ အဲဒီတုန်းက ထောက်ခံပွဲလုပ်တဲ့ကွင်းရဲ့ ဘေးဘက်အမှိုက်ပုံထဲမှာ ကန့်ကွက်မဲတွေလဲထည့်စွန့်ပစ်သွားတာတပုံကြီးဆိုပဲဗျို့။ မြန်မာ့လူဦးရေလည်း ၅၂ ရာခိုင်နူံးရှိတာကို ၅၇ ရာခိုင်နူံးဖြစ်လိုဖြစ်ဆိုပဲဗျ။ ထောက်ခံမဲကလည်း ၉၈.၁၂ ရာခိုင်နှုန်းဆိုသေးတာကိုး။ လိမ်ပါဟဲ့ဆိုတော့လည်း ယုတ္တိမဲ့ကြီး။ သူတို့ခေါင်းဆောင်ကြီးရူးသလို အားလုံးရူးနေတယ်ထင်ပုံပဲ"

"အေးဗျာ ကိုဘုန်းရာ။ အရူးအရူးနဲ့အိမ်ဦးခန်းချီးတက်ပါလာလိုက်တာ အခုတော့တအိမ်လုံးချီးစော်နံနေပါပြီ။ ရွေးကောက်ပွဲအသံညံလာတာနဲ့ ဘုန်းကြီးကျောင်းကခွေးတွေကြေးစည်သံကြားသလို မရိုးမရွနဲ့အူသံတွေကြားရဦးမယ်ထင်ပါရဲ့ဗျာ"

"ကဲ  စာရေးသူကြီးရေ ပြန်ကြဦးစို့ရဲ့။ ကျုပ်တို့အရပ်ကို ရှင်စခဘောမတို့ဘာတို့ကြွလာရင် ရွှေ၁၀ သားလောက်ဝယ်ဖို့ဟိုဟာဒီဟာတွေ မိတ္တူဆွဲထားကြရအောင်လေ"

"ကိုဘုန်းရယ် ခင်ဗျားတို့ရွာက မောင်ဦးပြောသလို ခေါင်းလိမ်းဆီနေပါဦး အမင်းတောင်အနိူင်နိူင်ပါဗျာ  ဟားဟားဟား"

ဆူးရနံ့
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10