ရှင်ဇိုအာဘေးအစား ဂင်တိုဂွသေးသာ သေလိုက်ပါတော့

ရှင်ဇိုအာဘေးအစား ဂင်တိုဂွသေးသာ သေလိုက်ပါတော့

မနက်တခုမှာ ကျုပ် လက်ဖက်ရည်ဆိုင်ထိုင်ရန်အလို့ငှာ စီးတော်ယဥ်စက်ဘီးအိုကြီးနဲ့ ထွက်လာခဲ့တယ်။ ဒီနေ့ဒီအခါလက်ဖက်ရည်ဆိုင် တခါထိုင်ဖို့ဆိုတာ ကျုပ်တို့လိုလူတွေအတွက်က မဟာစွန့်စားခန်းတခုဗျို့။ အခုလို"တက်ပျက်" ကာလကြီးမှာ သေသေချာချာ စိစစ်စဥ်းစားအလုပ်လုပ်မှတော်ကာကျတာ။ တက်ပျက်ကာလကြီးဆိုတာ "ကုန်စျေးနူံးအကုန်တက်မီးကပျက်" ခြင်းကိုဆိုလိုတာပါဗျာ။ အယူအကောက်လွဲနေမစိုးလို့ပါ။

လက်ဖက်ရည်ဆိုင်ရွေးချယ်ရေးအတွက် ကျုပ်စဥ်းစားရတာက လက်ဖက်ရည်ကိုသောက်မှာလား၊ ဆိုင်ကိုသောက်မှာလား၊ ပတ်ဝန်းကျင်ကိုသောက်မှာလား အစရှိသဖြင့်ပေါ့လေ။ ကျုပ်တို့ ငယ်စဥ်ကလက်ဖက်ရည်ဆိုင်ရွေးရတာ လွယ်တယ်ဗျ။ စက်ကောင်းကောင်းနဲ့ အသစ်ထွက်သမျှသီချင်းစီးရီး အဦးဆုံးဖွင့်ပေးတဲ့ဆိုင်ဆိုရပြီ။ လူငယ်တွေတအုံတမထိုင်ပြီပဲ။ အဲဒီရဲ့နောက်ပိုင်းတော့ စလောင်းအစုံတပ်ပြီးဘောလုံးပွဲပြပေးတဲ့ဆိုင် ကိုထိုင်ကြပြန်ရော။ စလောင်းအစုံတပ်ရတာကလည်း မယားပါသားကိုချော့ပေါင်းနေရတဲ့ပထွေးလို ကျုပ်တို့ ကာစတန်မာတွေဘဝလေ၊ သိတယ်မဟုတ်လား ဟိုလိုင်းကဟိုစလောင်းဝယ်မှ၊ ဒီလိုင်းဆိုဒီစလောင်းဝယ်မှနဲ့ရှုပ်နေတာပဲ။

ဟော အခုခေတ်ကျတော့ ဖရီးဝိုင်ဖိုင်ဝန်ဆောင်မှုရှိမှဆိုကိုး။ မီးပျက်လျှင် ပါဝါဘန့်နှင့်ချိတ်ပေးသည်ဆိုတာလည်းပါရသေး။ ဖုန်းသုံးရတဲ့ လူတွေလည်း တက်ပျက်ကာလကြီးမှာ ငွေ ၁ ထောင်မှ ၄၈၀ အမ်ဘီဆိုတော့။ ကျုပ် ရွေးချယ်လိုက်တဲ့လက်ဖက်ရည်ဆိုင်ကတော့ မျက်နှာစုံညီ လှမ်းဖတ်ခွင့်ရတဲ့ စျေးနဲ့မျက်နှာချင်းဆိုင်က အလယ်အလတ်တန်းစား ဆိုင်ကလေးပေါ့လေ။ ကျုပ်က စာလေးဘာလေးရေးသူဆိုတော့ မျက်နှာစုံညီဖတ်ရတာ သဘောကျတာဗျို့။

ကျုပ်လည်း ဆိုင်ထဲရောက်တော့ ပုံမှန်ပဲလားဆရာရီးဆိုပြီးစားပွဲထိုးလေးက စားပွဲသန့်ရှင်းရေးလုပ်နေတယ်။ ကျုပ်စိတ်ထဲဒီစားပွဲထိုးလေးရဲ့ မှတ်ဉာဏ်ကိုလေးစားနေမိတယ်။ ဒီကောင်လေးသာပါတီထောင်ရင်မဲပေးရမယ်လို့တွေးနေမိသဗျို့။ ကောင်လေးက တခါပြောထားရင် ကျုပ်လက်ဖက်ရည်ဆိုင်ပုံမှန်မလာဖြစ်တာတောင်မေ့မသွားဘူးလေ။

စားပွဲထိုးလေးလက်ဖက်ရည်လာချတော့ တခါတည်း ဝိုင်ဖိုင် ပက်စ်ဝပ် ပါတောင်းပြီးလိုင်းပေါ်တက်၊ ဖေ့စ်ဘုတ်ပေါ်က သတင်းတွေ အတင်းတွေ အဖျင်းတွေလျောက်ဖတ် နေမိတယ်။ ဂျပန်ရဲ့သက်တော်ရှည်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့လုပ်ကြံခံရခြင်းသတင်း၊အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ထိုင်းနိုင်ငံရောက်သတင်း။ ရှင်ဇိုအာဘေးလုပ်ကြံခံရတဲ့ သတင်းပို့စ်အောက်က ကောမန့်တွေဖတ်ပြီးပြုံးနေမိသေး။ဝမ်းနည်းကြောင်းကောမန့်တွေအပြင် လူစားထိုးသေစေ့ချင်ကြတဲ့ ကောမန့်တွေကလည်းတပုံတပင်။ ရှင်ဇိုအာဘေးသေရမယ့်အစား"ဂင်တို ခွါသေးသေး" သေလိုက်ပါတော့လားဟယ်ဆိုတဲ့ကောမန့်ဖတ်ရင်း မေတ္တာထားတယ်လာ့လို့ပြောရမလိုဖြစ်ရတယ်ဗျို့။

"ဆရာရီး...တစ်ကိုယ်ထဲ ဘာတွေ သဘောကျနေတုန်းဗျ"
"ဟာ  ကိုတင်အောင် လာဗျ ထိုင်။ လက်ဖက်ရည်မှာလေ။ ပုံမှန်ပဲလား"
"ပုံမှန်တော့ မလာဖြစ်ပါဘူး ဆရာရီးရာ။ ဒီနေ့တောင် ၂ လုံးပိတ်လို့ထွက်လာတာ၊ တခါတလေ ဆိုင်ဖျော် ဆိုတဲ့ဟာနဲ့အာသာဖြေနေရတာဗျို့၊ ကုန်စျေးနူံးကတက်၊ မီးကပျက်နဲ့ဆိုတော့ ဆိုင်လည်းခနခနမလာဖြစ်ပါဘူးဗျာ"
"ကုန်စျေးနူံးတက် မီးလည်းပျက် တက်သည့် မသာဆင်းစမ်းကွာဆိုပြီး ဝါးရင်းဒုတ်နဲ့ရိုက်သာချ ကိုတင်အောင်ရေ။ ပုံမှန်ပဲလားဆိုတာ ကျုပ်က ကိုတင်အောင်သောက်မယ့်လက်ဖက်ရည်နာမည်ကိုပြောတာဗျ  ဟား  ဟား"
"မသိပါဘူးဆရာရီးရာ လက်ဖက်ရည်ဆိုင်ပုံမှန်လာတာလားလို့မေးတယ်မှတ်လို့"
"ဒါနဲ့ ကိုတင်အောင် ခများ အလုပ်ရော အဆင်ပြေ လား။"
"သိတ်မဆိုးဘူးပဲပြောပါတော့။ အခုနောက်ပိုင်းရောင်းသား နည်းနည်းများလာတာတခုပဲ။ လူတွေလည်းဘာလုပ်လုပ်အဆင်မပြေမလောက်ငတော့ ဟိုစပ်စပ်ဒီစပ်စပ်လုပ်နေရတာပေါ့ ဆရာရီးရာ။ထိုးသားတွေ ဟင်းဖိုးထမင်းဖိုးကာမိမလားလို့ဟင်းဖိုးထမင်းဖိုးထဲကဖဲ့ဖဲ့ကစားကြတာ၊ တခါတလေ ဟင်းပျောက်ထမင်းပျောက်ပေါ့ဗျာ"
"ဟူး  ကိုတင်အောင်ရေ  မောလိုက်တာဗျာ။ရော့ ရေနွေးသောက်"
ကိုတင်အောင်က ရေနွေးသောက်ပြီးမျက်နှာတချက်ရှုံ့သွားတယ်။
"ဆရာရီးရေ...ခနဗျို့။ ညက မိန်းမရဲ့လက်တကမ်းချဥ်ဟင်းနဲ့ငပိထောင်းက ဆန္ဒဖော်ထုတ်နေပြီ။ကျနော်စျေးအိမ်သာဘက်လစ်လိုက်ဦးမယ်။ ကျနော့် ဖုန်း  ထားခဲ့ဦးမယ်။ အိမ်သာထဲထွက်ကျရင် ချီးတွင်းထဲဆင်းမငုပ်ရဲဘူး  ဟဲ ဟဲ"

ကိုတင်အောင်က ပြော​ပြောဆိုဆိုထထွက်သွားတယ်။ကောင်းပါတယ် သူ့ပြည်တွင်းရေးဆိုပေမယ့်ဆန္ဒဖေါ်ထုတ်နေတုန်းရှင်းလိုက်တာအကောင်းဆုံးပဲလေ။မနိူင်မနင်းပေါက်ကွဲကုန်ရင်ကျုပ်တို့လိုပတ်ဝန်းကျင်တွေပါ ထိခိုက်နံစော်ကုန်မှဖြင့်။

ကိုတင်အောင် စကားပြောရင် ခပ်တည်တည်ပြောပေမယ့် သူ့စကားတွေက ရီရတယ်။ ပါရမီကောင်းတာပေါ့။ တချို့လူတွေကျပြန်တော့ ဘာပြောပြော ထဆဲ ချင်စရာပါရမီပါကြပြန်ရောဗျို့။
"ဟူး .....အခုမှပေါ့သွားတယ်ဆရာရီးရေ။ ထမင်း ၂ ပန်းကန်ကလည်းလေးသားဗျ။ ဪ ဆရာရီး ခနနေလို့ရှိရင် ကျနော်နဲ့ စျေးအိမ်သာကိုလိုက်ခဲ့ဦးဗျ။ ပြစရာလေးရှိလို့"
"ဟာ...ဟေ့လူ ကျုပ် အဲဒါတွေဝါသနာမပါဘူးဗျ။ အသက်တွေလည်းရနေပါပြီဗျာ"
"ဟာ...ဆရာရီးက လုပ်ပြီ မဟုတ်ကဟုတ်ကတွေ။ ကျနော်ပြောတာအဲသဟာမဟုတ်ပါဘူး"
"ကိုတင်အောင်ရေ  လိပ်ခေါင်းဘာညာဆိုလည်း ကျုပ်နားမလည်ဘူး၊ ဆေးမြီးတိုတွေဘာတွေလျောက်မလုပ်နဲ့၊ဆေးရုံဆေးခန်းပြ"
"ဟာ  ဆရာရီးနဲ့တော့ခက်ပြီ။ ပိုက်ဆံရှင်းပြီးလစ်ကြစို့ဗျာ။ ဒီထက်ကြာရင် ဂရင်ဂျီနာတွေ၊အူကျတာတွေပါလာတော့မယ်။ ဆရာရီးရေ အိမ်သာကိုသာမြန်မြန်ကြွပါတော့"
ပိုက်ဆံရှင်းပြီး ၂ ယောက်သား စျေးအိမ်သာဘက် လျောက်လာကြသပေါ့။ ခေါင်းထဲလည်းအတွေးပေါင်းစုံပေါ့။ ကိုတင်အောင်အိမ်သာထဲမှာ ဘာတွေ့ခဲ့တာလဲ။ မသင်္ကာဖွယ်ရာကြွပ်ကြွပ်အိပ်အမဲနဲ့အထုပ်လား။သိုက်စာလား။ ဘာလား။

"ဆရာရီး  ဟိုရောက်ရင် အမျိုးသားအိမ်သာကိုဝင်ဗျ။ အိမ်သာ ၄ လုံးထဲက တောင်ဘက်ဆုံးအိမ်သာထဲဝင်ဗျာ။ တကယ်လို့မီးပျက်နေရင် ဖုန်းမီးလေးနဲ့လက်ယာဘက်ကနံရံကိုကြည့်လိုက်"
ကိုတင်အောင်ညွှန်းလိုက်တဲ့ဟာကြီးက နံရံပေါ်မှာခန့်ခန့်ကြီးရပ်လို့။ ကျုပ်ကိုခေါ်မလာဘဲ ပါးစပ်ကပြောရင်မယုံမှာစိုးတယ်ထင်ပါရဲ့။ အေးပေါ့လေ ကျုပ်လည်း ကျုပ်မျက်စိနဲ့တပ်အပ်မမြင်ရင် ယုံချင်မှယုံမှာပါ။ဘုံအိမ်သာနံရံပေါ်က စာသားအစုအဝေးကြီးက ကျိန်စာလား၊ ဆဲစာလားမသိ။ ဒါပေမယ့်အသစ်။ ဒီကျိန်စာကိုကော်ရက်ရှင်တော်ကြီးနဲ့ ရေးခြစ်ခဲ့သူဟာကျိန်ဆိုခံရသူကို နာကျင်စေချင်တာသူ့စာသားမှာပေါ်လွင်နေတယ်လေဗျာ။ အမှန်တကယ်ဆို ခွေးသား ဘာညာ ကျိန်လည်းရတာပါပဲ။ ကျိန်စာရေးခြစ်သူဟာအသစ်ကိုတီထွင်သူလို လားသူဖြစ်မှာအသေအချာ။

သူ့ကျိန်စာက
"စည်းကမ်းမရှိတဲ့ကောင် မင်းအောင်လှိုင်သားကွာ" တဲ့ဗျို့။  ။

ဆူးရနံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10