ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ အစားဝင်တဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး ထပ်မံရှင်းလင်းခံရ

ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ အစားဝင်တဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး ထပ်မံရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့က ပစ်သတ်ခံရတဲ့အုပ်ချုပ်ရေးမှူးနေရာမှာ အစားထိုးတာဝန်ယူခဲ့တဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူးတဦးကို စက်တင်ဘာ ၁၁ ရက် ညနေမှာ ထပ်မံရှင်းလင်း ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့က စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ်အရွယ် ဒေါ်သိမ့်သိမ့်လွင်ဖြစ်ပြီး သာယာဝတီမြို့ ခလရ ၃၅ စစ်တပ်အနီး သာယာအေးကျေးရွာလမ်းပေါ်မှာ မနေ့ ညနေ ၆ နာရီလောက်က ပစ်သတ်ခံရတာလို့ဆိုပါတယ်။

အဲ့ဒီအမျိုးသမီးအုပ်ချုပ်ရေးမှူးဟာ ၂၀၂၂ နိုဝင်ဘာ ၂၅ ရက်က ပစ်သတ်ခံရလို့သေဆုံးသွားတဲ့ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုထွန်းထွန်းနေရာမှာ အစားဝင်ရောက်သူဖြစ်တယ်လို့ သိရပါတယ်။

"သူ့သမီးဆရာဝန်ကို ဆိုင်ကယ်နဲ့ကြိုပြီး သူကနောက်က ထိုင်လိုက်လာတာကို သေနတ်နဲ့ သုံးချက်ပစ်သတ်ခဲ့တာပါ" လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံကိုဥက္ကာက ပြောပါတယ်။

ခလရ  ၃၅ စစ်တပ်နောက်က သာယာအေးရွာမှာ သမီးဖြစ်သူဖွင့်လှစ်ထားတဲ့ ဆေးခန်းကနေ သမီးဖြစ်သူနဲ့အတူ ပြန်လာချိန်မှာ အခုလိုရှင်းလင်းခဲ့တာဖြစ်ပြီး သမီးဆရာဝန်ကိုတော့ မသက်ဆိုင်တဲ့အတွက် ပစ်ခတ်တာမျိုး မလုပ်ခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။  

ဒေါ်သိမ့်သိမ့်လွင်ဟာ စစ်တပ်အာဏာသိမ်းတာကို လိုလားထောက်ခံသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ရှုံးကတည်းက စစ်တပ်အာဏာသိမ်းဖို့ကို တိုက်တွန်းလှုံ့ဆော်နေသူဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ရပ်ကွက်အောင်နိုင်ရေးခေါင်းဆောင်နဲ့ မဲရုံကိုယ်စားလှယ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်မနက်ကလည်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးတင်မျိုးအောင်ကို သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီမြို့နယ် #သုံးဆယ်မြို့ #အုပ်ချုပ်ရေးမှူး #ရှင်းလင်းခံရ #ဒလန် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10