ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ရဲဘော် ၈ ဦးအတွက် အထိမ်းအမှတ် ဂူဗိမာန်တည်ဆောက်ပေး(ရုပ်/သံ)

၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးမှာကျဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ က PDF ရဲဘော် ၈ ဦးအတွက် အထိမ်းအမှတ် ဂူဗိမာန်ကို တည်ဆောက်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ရှမ်း-မန်းစစ်ဆင်ရေး ၁၀၂၇ ဒုတိယလှိုင်းမှာ ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၈ ဦးရှိပြီး အဲ့ဒီရဲဘော်တွေအတွက် အမှတ်တရ ဂူဗိမာန်ကို နိုဝင်ဘာ ၂၅ ရက်မှာစတင်ဆောက်လုပ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်က ဆောက်လုပ်ပြီးစီးခဲ့တာလို့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက အခုလို ပြောပါတယ်။

ဗိမာန်တည်ဆောက်ဖို့အတွက် မြေနေရာ ဧကဝက်ကို ဒေသခံပြည်သူ ၁ ဦးက လှူဒါန်းပေးထားပြီး အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံဇကာ အစရှိတဲ့အထွေထွေကုန်ကျစရိတ် သိန်း ၇၀ ကျော်ကို တပ်ရင်းရံပုံငွေနဲ့ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

အမှတ်တရ ဂူဗိမာန်မှာ ကျဆုံးရဲဘော်တွေဖြစ်တဲ့ တပ်ခွဲမှူး မင်းမင်းဦး အသက် ၃၃ နှစ်၊ တပ်ခွဲမှူး ထွန်းခန့်အောင် အသက် ၂၅ နှစ်၊ တပ်စုမှူး ဇင်မျိုးထက် အသက် ၂၃ နှစ်၊ တပ်စိပ်မှူး ဇော်ဝင်းထွန်း အသက် ၂၇ နှစ်၊ တပ်စိပ်မှူး ဆန်းနိုင် အသက် ၃၂ နှစ်၊ ရဲဘော် မြင့်နိုင်စိုး အသက် ၃၇ နှစ်၊ ရဲဘော် သိန်းဇော်ဦး အသက် ၃၅ နှစ်နဲ့ ရဲဘော် ဦးမော့ အသက် ၄၄ နှစ်တို့ ၈ ဦးအတွက် ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဂူဗိမာန်ဝန်းကျင်သာယာဖို့နဲ့ မပျက်စီးဖို့အတွက် အနီးဝန်းကျင်မှာ မယ်ဇလီပင်နဲ့ ဗန်ဒါပင် ၃၀ ကျော်ကို စိုက်ပျိုးထားတယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ရဲဘော် ၁ ဦးကို ငွေ ၁၀ သိန်းကျပ် ထောက်ပံ့ပေးခဲ့သလို တပ်ရင်းအနေနဲ့လည်း စုစုပေါင်း ကျပ်သိန်း ၅၀ ကျော်ထောက်ပံ့ပေးခဲ့ပြီး လစဥ်လည်းထောက်ပံ့နေတယ်လို့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ဒါ့အပြင်ကျဆုံးရဲဘော်တွေရဲ့ အမှတ်တရအဖြစ် စကျင်ကျောက်နဲ့ လုပ်ထားတဲ့ ပုံတူရုပ်ထုတွေကိုလည်း ဂူဗိမာန်ရှေ့မှာ ထားဖို့အတွက် လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ရှမ်းမန်းစစ်ဆင်ရေး #ရဲဘော် #ကျဆုံး #ဂူဗိမာန် #တည်ဆောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10