ရှိမ်းမကားရဲစခန်းကနေ လက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးကျောင်းကိုထိမှန်ပျက်စီး

ရှိမ်းမကားရဲစခန်းကနေ လက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးကျောင်းကိုထိမှန်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်ကို ပစ်ခတ်တာတွေလုပ်တဲ့အတွက် ဘုန်းကြီးကျောင်းအတွင်း ကျည်ကျရောက် ပေါက်ကွဲကာ ပစ္စည်းအချို့ ပျက်စီးခဲ့တဲ့အပြင် နွား ၂ ကောင်ကိုလည်း ထိမှန်ခဲ့တယ်လို့ Wetlet Informational Network ဆီက သိရပါတယ်။

အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ ဇူလိုင်လ ၂၃ ရက်မနေ့က ညနေ ၃ နာရီလောက်က ၆၀ မမ ၅ လုံး၊ ၄၀ မမ ၁၀ လုံးနဲ့ အနီးနားကျေးရွာတွေဘက်ကို ပစ်ခတ်ချိန် ကျည်အချို့က ရှိမ်းမကားရွာမြောက်ဘက်ရှိ ဓမ္မပါရဂူဘုန်းကြီးကျောင်းကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ 

“ရွာသားတွေကို သူတို့(စစ်ကောင်စီ)ပြောထားတယ်။ ကာကွယ်ရေးအဖွဲ့တွေ ငါတို့ကိုလက်နက်ကြီး နဲ့လာပစ်ရင် ငါတို့လည်း ဘုန်းကြီးကျောင်းတွေကို ပြန်ပစ်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့မနေ့က သူတို့ကို ဘယ်သူမှလက်နက်ကြီးတွေနဲ့မပစ်ဘူး။ သူတို့ဘာသာသူတို့ပဲ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။  ရွာသားတွေထိခိုက်တာတွေတော့မရှိဘူး”လို့ Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ ရှိမ်းမကားရွာထဲမှာ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင်၊ ရွှေဆိုင်နဲ့ အခြားစျေးဆိုင်တွေကနေ စုစုပေါင်း ငွေကျပ် ၃ သိန်းကနေ ၅ သိန်းအကြား ငွေတွေကိုလည်း အဲ့ဒီစစ်ကောင်စီတပ်သားတွေက ဝင်ရောက်ယူဆောင်သွားတယ်လို့ သိရပါတယ်။ 

“အဲဒီမှာစျေးရောင်းနေတဲ့ ဆိုင်ပိုင်ရှင် ၆ ဦး ၇ ဦးဆီကနေ ငွေကြေးတွေယူသွားတယ်။ သူတို့ (စစ်ကောင်စီ)ပြောတာကတော့ မင်းတို့ကိုငါတို့က လုံခြုံရေးတွေယူထားပေးရတယ်ဆိုပြီး ငွေကြေးတွေ ကောက်ခံသွားတယ်။ မပေးလို့လည်း မရဘူးလေ” လို့ ဒေသခံတွေရဲ့ ပြန်လည်ပြောပြချက်ကို ကိုးကားပြီး အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

အခုလိုဒေသခံတွေဆီက ငွေတောင်းတာတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်ကလည်း ရှိမ်းမကားရဲစခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ရွာတောင်ပိုင်းဘက်က နေအိမ်တအိမ်ပေါ် ကျရောက်ခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသမီးတဦးသေဆုံးကာ အသက် ၅၀ အရွယ်အမျိုးသမီးတဦး၊ အသက် ၄၀ အရွယ်အမျိုးသားတဦးနဲ့ အသက် ၂ နှစ်အရွယ် ကလေးတဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ဝက်လက် #ရှိမ်းမကားကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ထိခိုက်ပျက်စီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10