ရှိမ်းမကားရဲစခန်းရဲ့ ပေ ၁၀၀ ပတ်လည်က နေအိမ်နဲ့ လူတွေကို စစ်တပ်ကဖယ်ရှားခိုင်း

ရှိမ်းမကားရဲစခန်းရဲ့ ပေ ၁၀၀ ပတ်လည်က နေအိမ်နဲ့ လူတွေကို စစ်တပ်ကဖယ်ရှားခိုင်း

စစ်ကိုင်းတိုင်း၊  ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားကျေးရွာနယ်မြေရဲစခန်းရဲ့ ပေ ၁၀၀ ပတ်လည်မှာ နေထိုင်တဲ့ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖယ်ရှားခိုင်းနေတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရှိမ်းမကားရဲစခန်းပတ်လည်မှာ နေအိမ် ၅၀ ကျော်ရှိတာဖြစ်ပြီး သြဂုတ်လ ၂ ရက် ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ရဲစခန်းမှူးနဲ့ စစ်ဗိုလ်တဦးတို့ကဦးဆောင်ကာ  ယမန်နေ့မှာဘဲ အပြီးဖယ်ရှားခိုင်းတဲ့အတွက် ရဲစခန်းအနီးရှိ အိမ် ၂၅ လုံးခန့် ဖယ်ရှားပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ကာကွယ်ရေးအဖွဲ့တွေက လာပစ်ဖို့ရှိတယ်ဆိုပြီး ပြည်သူတွေကိုခြောက်လှန့်ပြီး ဖယ်ခိုင်းနေတာ။ စခန်းပတ်လည်က ပြည်သူတချို့က နေအိမ်တွေကနေ ဖယ်ပေးလိုက်ကြရတယ်" လို့ Wetlet Informational Network တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ရှိမ်းမကားရဲစခန်းမှူးက အရက်မူးပြီး  ညသန်းခေါင်ကျော် ၂ နာရီအချိန်လောက်မှာ ရွာသားတွေကို ရွာထဲကနေ ထွက်သွားခိုင်းတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီရဲစခန်းထဲက တပ်သားတချို့ဟာ ရှိမ်းမကားရွာ စာသင်ကျောင်းအဆင်း လမ်းစုံမှာဂိတ်ချထားပြီ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတဲ့အပြင် ရွာထဲကိုလည်း ဝင်ခွင့်မပေးဘူးလို့ ဆိုပါတယ်။

ဇူလိုင်လ ၂၃ ရက်ကလည်း ရှိမ်းမကားရဲစခန်းကနေ ၆၀ မမ လက်နက်ကြီးတွေနဲ့ အနီးနားကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့လို့ ရှိမ်းမကားရွာမြောက်ဘက်ရှိ ဓမ္မပါရဂူဘုန်းကြီးကျောင်းကို ထိမှန်ပျက်စီးသွားသလို နွား ၂ ကောင်လည်း ထိမှန်သွားပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ရဲစခန်း #စစ်ကောင်စီတပ် #လူနေအိမ် #ဖယ်ရှားခိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10