သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးက ကြီးဗဒုံရွာကို ဇန်နဝါရီ ၂၀ ရက် ဒီကနေ့မနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ် ။
နမခနဲ့ ၁ မိုင်ကျော်သာဝေးတဲ့ ကြီးပဒုံရွာကို သပြေတောရွာကနေထွက်လာတဲ့ အင်အား ၄၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
“ ဒီမနက်တော့ နေအိမ် ၁၀ လုံး မီးထပ်ရှို့သွားတယ်။ ကျနော်တို့ မီးငြှိမ်းနေချိန် လက်နက်ကြီးနဲ့ပစ်လို့ ပြန်ပြေးခဲ့ရတယ်။ ရွာထဲမှာကျန်ခဲ့တဲ့ ဆရာတော်က သူတို့ကိုမေးတယ်။ ငါ့ရွာကို ဘာလို့မီးရှို့တာလဲဆိုတော့ လက်နက်ကြီးပစ်တာ ဒီရွာကနေဆိုလို့ မီးရှို့တာဆိုပြီး ဆရာတော်ကို ပြန်ပြောသွားတယ်။” လို့ ကြီးဗဒုံရွာသားတဦးက မြေလတ်အသံကို ပြောပါတယ် ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မီးရှို့တာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ကြပြီး ကျန်းမာရေးမကောင်းတဲ့ သက်တော် ၅၀ ကျော်ရှိ ကျောင်းထိုင်ဆရာတော်နဲ့ ဆရာတော်ကိုစောင့်ရှောက်နေတဲ့ သက်တော် ၇၀ ဝန်းကျင် ကိုရင်ကြီး ၁ ပါးအပါ ၃ ပါး ကျေးရွာအတွင်း ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၄ ရက်ညပိုင်းမှာ အနောက်မြောက်တိုင်း(နမခ)စစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် ဇန်နဝါရီ ၁၅ ရက် မနက်အစောပိုင်းမှာ နမခ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကြီးဗဒုံရွာကိုဝင်ရောက်လာပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီနောက် ဒီကနေ့မနက်မှာ ကြီးပဒုံရွာကို ဒုတိယအကြိမ်ထပ်မံလာရောက်မီးရှို့တာကြောင့် ၁ ပတ်အတွင်း ၂ ကြိမ် ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး နမခ ရှော့ဒုံးနဲ့တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အခုလိုမီးရှို့တာဖြစ်နိုင်တယ်လို့ ရွာခံတဦးက သုံးသပ်ပြောပါတယ်။
“ ကျနော်တို့ အဲဒီနေ့(ဇန်နဝါရီ ၁၅)မနက်ခင်း ရွာထဲပြန်ကပ်တော့ သူတို့ရွာထဲမှာမရှိတော့ဘူး။ အိမ်ခြေ ၅ အိမ်ပါသွားတယ်။ ဒီရှော့တိုက်ဒုံးလွှတ်တာက အကိုတို့ဘက်ကဖြစ်မယ်ဆိုပြီး ယူဆချက်နဲ့ မီးရှို့သွားတယ်လို့ အကိုတို့မြင်တယ်။” လို့ နောက်ထပ်ကြီးဗဒုံရွာခံတဦးက ပြောပါတယ်။
နမခကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုမှာ တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ၁ ဦးအပါ ၁၅ ဦး သေဆုံးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ပြောဆိုထားပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကြီးဗဒုံရွာကိုမီးရှို့ပြီးတဲ့နောက် ဒီနေ့မနက် ၁၀ နာရီလောက်မှာ ၎င်းတို့ထွက်ခွာလာရာ သပြေတောရွာကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
အိမ်ခြေ ၂၂၇ လုံးရှိ ကြီးဗဒုံရွာကို ၂၀၂၄ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မတ် ၅ ရက်တွေမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၆၀ ကျော်ပျက်စီးခဲ့ရပြီး ယခုတပတ်အတွင်း ၂ ကြိမ်ထပ်မံမီးရှို့ခံရတာကြောင့် စစ်အာဏာသိမ်းပြီးနောက် ၄ ကြိမ်မြောက် မီးရှို့ခံရတာလည်း ဖြစ်ပါတယ်။
ပုံစာ - ကြီးဗဒုံရွာ မီးရှို့ခံထားရပုံကို ဇန်နဝါရီ ၂၀ ရက် ယနေ့မနက် တွေ့ရစဉ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မုံရွာ #ကြီးဗဒုံ #မီးရှို့ #စစ်တပ်
Share Share Share