လက်တလုံးခြားလိမ်လည်နေသည့် Face to Face ငွေလဲဝန်ဆောင်မှု (ဆောင်းပါး)

လက်တလုံးခြားလိမ်လည်နေသည့် Face to Face ငွေလဲဝန်ဆောင်မှု (ဆောင်းပါး)

 

အင်တာနက်နှင့်ဖုန်းလိုင်း ၁ လနီးပါးအကြာ ဖြတ်တောက်ခံရသည့် မြန်မာနိုင်ငံအထက်ပိုင်း၊ မြစ်ကြီးနားမြို့ရှိ မိဘများထံ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမား မမေခ(အမည်လွှဲ)မှာ ဩဂုတ်လတတိယအပတ်အတွင်း အရေးတကြီးငွေပေးပို့ လိုနေသည်။

ငွေပေးပို့လိုနေသည့် မမေခမှ မိဘများအား ဖုန်းလိုင်း(MPT)ရရှိသည့် မြစ်ကြီးနားမြို့နေရာတချို့သို့ သွားရောက်စေကာ ငွေလွှဲပေးပို့မည့်ကိစ္စအား ဖုန်းဆက်ပြောဆိုသည်။ အဆက်အသွယ်ရရှိပြီးနောက် ကျပ်ငွေ(ငွေသား) အိမ်တိုင်ရာရောက် ပေးပို့မည့်သူ လာမည်ဖြစ်ကြောင်း၊ ငွေသားလက်ခံပေးရမှာဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အဆိုပါရက်မတိုင်မီ ဖေ့ဘွတ်လူမှုကွန်ယက် မြစ်ကြီးနားမြို့နှင့်ဆက်နွယ်သည့်ဂရုများတွင် "Face to Face မြစ်ကြီးနား ငွေသားရ" ဆိုသည့်  ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည်ဟု ယူဆရသည့် အမျိုးသမီးတဦးမှ တင်ထားသည့် ပို့စ်ကြောင့် မမေခ က မက်ဆင်ဂျာမှတဆင့် သွားရောက်စုံစမ်းရန် စဉ်းစားလိုက်သည်။

လိုင်းပေါ်မှ တွေ့ရှိခြင်းဖြစ်၍ လိမ်လည်ခံရမည်စိုးကာ သွားရောက်မစုံစမ်းမီ အဆိုပါအမျိုးသမီး၏ ဖေ့ဘွတ်ကို မမေခတယောက် မွှေနှောက်ပြီး ၎င်းအမျိုးသမီးတင်ထားသည့် post များအား အချိန်အနည်းငယ်ပေး၍ လေ့လာလိုက်သည်။ ၎င်းအမျိုးသမီးပို့စ်များတွင် ငွေလွှဲစျေးနှုန်းများ၊ နိုင်ငံခြားငွေမှ ကျပ်သို့ယူလိုသူများ ၊ ကျပ်ငွေမှ နိုင်ငံခြားငွေရယူလိုသူများ ရှိပါက ကျပ်သိန်းမည်မျှ လဲရန်ရှိကြောင်း စသည်ဖြင့် ငွေလွှဲလုပ်ငန်းနှင့်သက်ဆိုင်သည့် ပို့စ်အများအပြားကို တင်ထားသည်။ 

ထို့အပြင် အခြား ပြည်ပရောက် ငွေလွှဲလုပ်ကိုင်သည်ဟု ယူဆရသူတချို့နှင့်လည်း friend ဖြစ်ထားသည်ကို တွေ့ရှိရသည်။ Face to Face ဖြစ်၍ လိမ်လည်ခံရနိုင်မည့်စိုးရိမ်စိတ်ကို မမေခလျှော့ချလိုက်ပြီး အဆိုပါအမျိုးသမီးထံ ငွေလွှဲကိစ္စစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

ယင်းသို့စုံစမ်းရာ ၎င်းအမျိုးသမီးမှာ ငွေသားလိုအပ်သူဘက်မှ ချိန်းဆိုသည့်နေရာသို့ အိမ်တိုင်ရာရောက် ငွေသားပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ အိမ်သို့ရောက်ရှိမှသာ Kpay အကောင့်သို့ ငွေထည့်ပေးရမည် ဖြစ်ကြောင်း ဖြေကြားသည်။

အင်တာနက်၊ ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် မြစ်ကြီးနားမြို့တွင် Kpay၊ Wave pay ကိုယ်စားလှယ်များက အလှည့်ကျတုံကင်စနစ်ဖြင့် ငွေထုတ်ပါဆင့်တေ့ချ် (Percentage)ပေးကာ ထုတ်ယူနေရသည့် အခြေအနေ။ ယင်းကဲ့သို့ ပါဆင့်တေချ့်ပေးကာ ထုတ်ယူမည်ဆိုလျှင်တောင် ရက်ပိုင်းအတွင်း ရရန် မသေချာ။ 

လူချင်းတွေ့ (Face to Face) ငွေပို့ပေးမည်ဆိုသည်မှာ အင်တာနက်၊ ဖုန်းလိုင်းအခက်အခဲများကြားမှ မိဘများထံငွေသားပေးပို့လိုသော မမေခအတွက် သာမာန်အားဖြင့်အဆင်ပြေသည်။ ယခုထက်ပိုမိုစိတ်ချရသည့်နည်းလမ်းမရှိသေးဟု သူတွေးမိသည်။ ထို့ကြောင့် လူချင်းတွေ့ငွေပေးပို့မည်ဆိုသည်ကို မမေခလက်ခံလိုက်ပြီး နောက်တနေ့မနက်ပိုင်းတွင် ဖုန်းလိုင်း(MPT)ရရှိနေသည့် မြစ်ကြီးနားမြို့တနေရာ၌ တွေ့ဆုံမည်ဖြစ်ကြောင်း တွေ့ဆုံငွေလဲမည့် နေရာနှင့်အချိန်ကို ချိန်းဆိုလိုက်သည်။

ထိုအခါ ငွေသားပေးမည်ဆိုသည့်အမျိုးသမီးမှ ၎င်းမှာမန္တလေးမြို့သို့ ခေတ္တရောက်ရှိနေကြောင်း၊ ထို့ကြောင့် အင်တာနက်အသုံးပြု၍ရခြင်းဖြစ်ကြောင်း၊ မြစ်ကြီးနားမြို့ရှိ ၎င်း၏လူအား စေလွှတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။ ကိုယ်တိုင် မဟုတ်သော်လည်း ၎င်းအမျိုးသမီးကိုယ်စား လူကိုယ်တိုင် စေလွှတ်ပိုက်ဆံပို့ပေးမည်ဆို၍ မမေခ အဆင်ပြေသည်။ အဓိက Face to Face ဖြစ်ပြီး ငွေသားရောက်ရှိရန်က အရေးကြီးသည်။

နောက်တနေ့မနက်ပိုင်း ချိန်းဆိုလိုက်သည့်နေရာတွင် မမေခ၏မိဘများကို စောင့်ဆိုင်းခိုင်းထားသည်။ အဆိုပါနေရာသို့ သူ၏မိဘများစောင့်ဆိုင်းနေပြီး နာရီဝက်ခန့်အကြာတွင် သက်လတ်ပိုင်းအမျိုးသားတဦး ဆိုင်ကယ်စီးနင်းကာ ရောက်ရှိလာသည်။ ယင်းအမျိုးသားတွင်လည်း ငွေသားပေးချေမည့် ကျပ်ငွေထုပ်ယူဆောင်လာသည်။ ငွေလွှဲဝင်ရောက်ပါက ကျပ်ငွေပေးမည်ဟု ယူဆရသည်။

မိဘများရှေ့တွင် ငွေသားပေးမည့်သူ ရောက်ရှိနေပြီဖြစ်၍ မိဘများထံငွေပေးပို့လိုသော မမေခ တယောက် အွန်လိုင်းမှတဆင့် အဆိုပါအမျိုးသမီးထံ လွှဲပေးရမည့် Kpay အကောင့်တောင်းလိုက်ကာ ၎င်း KPay အကောင့်သို့ ငွေလွှဲပေးပို့လိုသည့် ငွေပမာဏအား လွှဲပြောင်းလိုက်သည်။ ငွေလွှဲပေးပို့ထားမှု စခရင်ရှော့(Screen Shot) ကိုလည်း အဆိုပါအမျိုးသမီးထံ မက်ဆင်ဂျာမှတဆင့် ပေးပို့လိုက်သည်။ ထိုအခါ သူမက ငွေလွှဲဝင်ရောက်မှု အခြေအနေကို စစ်ဆေးမည်ဖြစ်၍ ခေတ္တ VPN ဖြုတ်ရမည်ဆိုကာ အင်တာနက်လိုင်း Out သွားခဲ့သည်။

အဆိုပါအမျိုးသမီး လိုင်းပြန်တက်လာရန် မမေခ စောင့်ဆိုင်းနေသည်။ နာရီဝက်ခန့်ကြာသည်အထိ လိုင်းတက်မလာ။ ထို့ကြောင့် Kpay အကောင့်ဖုန်းနံပါတ်သို့ ဆက်သွယ်သည် ဖုန်းမကိုင်။ သူ စိတ်ပူစတော့ ပြုလာသည်။ သို့သော် မိဘများ၏ရှေ့တွင်လည်း ငွေသားပေးမည့်အမျိုးသားက ရှိနေသေး၍ သူ စိုးရိမ်စိတ်ကို ကြိုးစားလျှော့ချလိုက်သည်။

ထိုအမျိုးသမီးထံ ဆက်သွယ်မရသဖြင့် ငွေသားကိုင်ကာ ရောက်ရှိလာသည့် အမျိုးသားအား မိဘများမှတဆင့် မေးမြန်းခိုင်းသည်။ Kpay ကတဆင့် ငွေလွှဲပြီးဖြစ်၍ ကျပ်ငွေပေးဆောင်ရန် အဆိုပါအမျိုးသားကို ပြောဆိုသည်။

ယင်းသို့ပြောဆိုငွေသားတောင်းခံမှသာ အဆိုပါအမျိုးသားမှ ၎င်းကိုစေလွှတ်လိုက်သည့် ၎င်း၏အကိုဖြစ်သူ တရုတ်ဘဏ်အကောင့်သို့ တရုတ်ငွေဝင်မှသာ ကျပ်ငွေပေးဆောင်၍ရမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်။ 

တချိန်တည်းမှာပင် အဆိုပါအမျိုးသမီးမှာ ဖေ့ဘွတ်မှဘလော့(Block) သွားခဲ့သည်။ ၎င်းအမျိုးသမီးထံ ဆက်သွယ်၍မရတော့။ သို့ဖြစ်၍ အဆိုပါအမျိုးသမီး၏လူဆိုသည့် အမျိုးသားကိုသာ မေးမြန်း၍ ရနိုင်တော့မည်။ ၎င်းမှာလည်း ၎င်း၏အကိုဖြစ်သူ မှာကြားလိုက်သည့်အတိုင်း ယခုနေရာသို့လာရောက်ခြင်း ဖြစ်ကြောင်း၊ ၎င်း၏အကို တရုတ်ဘဏ်အကောင့်သို့ ငွေဝင်မှသာ ကျပ်ငွေပေးခွင့်ရှိမည်ဖြစ်ကြောင်း၊ Kpay ငွေလက်ခံမှာမဟုတ်ကြောင်း၊ တရုတ်ငွေလက်ခံရန်ပြောဆိုထားကြောင်း အသေးစိတ်အခြေအနေအား ၎င်း၏ အကိုဖြစ်သူဖြင့် ဖုန်းဆက်ပြောဆိုရန်ပြောသည်။

၎င်း၏အကိုဖြစ်သူနှင့်  Kpay လွှဲပြောင်းပေးအပ်သည့် ထိုင်းရောက်အမျိုးသမီးတို့ ဖုန်းဆက်ပြောဆိုရာမှ ၂ ဦးစလုံး လိမ်လည်ခံထားရကြောင်းနှင့် တဖက်ကို တမျိုးဆီပြောဆိုထားကြောင်းသိရသည်။

၎င်းအမျိုးသားမှာ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ဆိုင်ဖွင့်လှစ်ကာ ငွေလဲ၊ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် ၎င်းမှ တရုတ်ငွေအလိုရှိကြောင်း ကျပ်ငွေသားပေးမည် ဖြစ်ကြောင်း ပိုစ့်တင်ထားခဲ့ရာ လိမ်လည်သည့်အမျိုးသမီးမှ တရုတ်ငွေလွှဲပေးမည်ဖြစ်ကြောင်း၊ ကျပ်ငွေအား ၎င်းစေလွှတ်သည့်နေရာသို့ သွားရောက်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောဆို၍ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ၎င်းကိုလည်း အဆိုပါအမျိုးသမီးမှဖေ့ဘွတ်စ်တွင် ဘလော့(Block) သွားကြောင်း၊ ထပ်မံဆက်သွယ်၍မရတော့ကြောင်း။ ၎င်း၏ တရုတ်ဘဏ်အကောင့်သို့လည်း တရုတ်ငွေဝင်ရောက်မလာကြောင်း၊ မမေခတို့ဘက်မှလွှဲပို့ပေးသည့် Kpay အကောင့်နံပါတ်မှာလည်း ၎င်း၏ Kpay အကောင့်မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့နောက် ၎င်း၏ပြောဆိုချက်များအား စစ်ဆေးအတည်ပြုပြီးနောက် မမေခမှာ အဆိုပါ Face to Face နည်းလမ်းဖြင့် ငွေလိမ်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်များတွင် ငွေလွှဲစနစ် အဆင်မပြေမှုများ များပြားလာသဖြင့် ငွေလွှဲလုပ်ငန်းများတွင် KBZ Pay၊ Wave Pay၊ AYA Pay စသည်ဖြင့် ကိုယ်စားလှယ်(Agent) များမှသော်လည်းကောင်း၊ ကိုယ်ပိုင် Mobile Banking အကောင့်များမှသော်လည်းကောင်း ငွေလွှဲပေးပို့မှုကို ပိုမိုအားထားလာရသည်။

ပြည်ပရောက်မြန်မာလုပ်သားများ များပြားလာသည်နှင့်အမျှ ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားငွေမှ ကျပ်ငွေလဲလှယ်ကာ အွန်လိုင်းငွေလွှဲပေးပို့ခြင်း၊ အွန်လိုင်းPay အချင်းချင်း ငွေလဲလှယ်ခြင်း၊ ပြည်တွင်းမြို့နယ်အချင်းချင်း ငွေလွှဲပို့ဆောင်ခြင်းများတွင် အထက်ပါ Online Pay များကို အဓိကထားအသုံးပြု လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ ပြည်တွင်း၊ ပြည်ပမှ Online Pay များမှတဆင့် ငွေလွှဲပေးပို့မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည်နှင့်အမျှ အွန်လိုင်းငွေလွှဲလုပ်ငန်းများကိုအခြေပြုကာ နည်းလမ်းပေါင်းစုံဖြင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေသည်။

အဆိုပါလိမ်လည်မှုများအနက် လူချင်းတွေ့(Face to Face) ငွေကြေးလဲလှယ်မည်ဆိုသည့်နည်းလမ်းမှာ လူယုံကြည်နိုင်သည့်အတွက် ယင်းကဲ့သို့လိမ်လည်မှုကို လိမ်လည်သူများမှ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသော်လည်း အများစုမှာ သတိမထားမိကြသေး။

ပြည်ပတွင်အလုပ်လုပ်ကိုင်ကာ ပြည်တွင်းသို့ငွေပို့ဆောင်နေသည့် မြန်မာအမျိုးသမီးတချို့လည်း အလားတူဖြစ်စဉ်မျိုး ကြုံတွေ့နေရပြီး လက်လှမ်းမိသမျှမေးမြန်းချက်များအရ နိုင်ငံမတူသည့် ပြည်ပရောက်မြန်မာအမျိုးသမီး ၅ ဦးခန့် အဆိုပါနည်းလမ်းဖြင့် လိမ်လည်ခံထားရသည်ကို သိရှိရသည်။

အထူးသဖြင့် မြန်မာနိုင်ငံအတွင်း အင်တာနက်နှင့်ဖုန်းလိုင်း ဖြတ်တောက်ခံရတဲ့မြို့နယ်များတွင် အဆိုပါလိမ်လည်နည်းကို အသုံးပြုမှုများပြီး တဦးနှင့်တဦးဆက်သွယ်ရခက်ခဲမှု၊ ငွေထုတ်ယူရရှိမှု အခက်အခဲများကို အခွင့်ကောင်းယူကာ လိမ်လည်နေခြင်းလည်းဖြစ်သည်။

အဆိုပါနည်းလမ်းကိုအသုံးပြုငွေလိမ်သူများမှာ နိုင်ငံခြားငွေတမျိုးမျိုး ဘဏ်အကောင့်မှအလိုရှိကြောင်း၊ ကျပ်ငွေ(ငွေသား)ပေးမည်ဖြစ်ကြောင်း (သို့မဟုတ်) Kpay ၊ Wave ဖြင့်အလိုရှိကြောင်း ၊ ကျပ်ငွေ (ငွေသား) ပြန်ပေးမည်ဖြစ်ကြောင်း လူမှုကွန်ယက်ပေါ်တွင် တင်ထားသည့် ငွေလွှဲလုပ်ငန်း (သို့မဟုတ်) လူပုဂ္ဂိုလ်များကို ရှာဖွေသည်။ ထို့နောက် ၎င်းတို့ထံ ချဉ်းကပ်ကာ အလိုရှိသည့် ငွေအမျိုးအစားအားဘဏ်အကောင့်ဖြင့် ပေးမည်ဖြစ်ကြောင်း ၊ ၎င်းစေလွှတ်သည့်နေရာသို့ ငွေသားပေးပို့ရမှာဖြစ်ကြောင်း ပြောဆိုသည်။

ထို့နောက် လူမှုကွန်ယက် ဖေ့စ်ဘွတ်ငွေလဲ၊ ငွေလွှဲဝန်ဆောင်မှု ဂရုများတွင် အထူးသဖြင့် အင်တာနက်လိုင်းဖြတ်တောက်ခံထားရမှုကြောင့် ငွေလွှဲလုပ်ငန်းများအခက်တွေ့နေသည့် မြို့များကို ဦးတည်ကာ အဆိုပါမြို့များအတွင်း အိမ်တိုင်ရာရောက် Face to Face ငွေသားလဲလှယ်ပို့ဆောင်ပေးမှာ ဖြစ်ကြောင်း ပို့စ်တင်ကာ ငါးစာချလိုက်ကာ အထက်ပါနည်းအတိုင်း လိမ်လည်သည်။

ယင်းကဲ့သို့ ယုံကြည်နိုင်လောက်သည့် Face to Face ငွေလဲပေးသည်ဆိုသည်ကြောင့်လည်း နေအိမ်သို့ငွေပို့ဆောင်ရန် လိုအပ်နေသူများအနေဖြင့် လိမ်လည်ခံနေရခြင်း ဖြစ်သည်။

သို့ဖြစ်၍ ပြည်ပမှပြည်တွင်းသို့ သော်လည်းကောင်း၊ ပြည်တွင်းအချင်းချင်းသော်လည်းကောင်း၊ အထူးသဖြင့် အင်တာနက်ဖုန်းလိုင်းမရရှိသည့် မြို့နယ်များသို့ ငွေလွှဲပေးပို့လိုပါက မိမိနှင့်ရင်းနှီးပြီး ယုံကြည်ရသည့် ငွေလွှဲလုပ်ငန်းလုပ်ဆောင်သူ Agent များမှတဆင့်သော်လည်းကောင်း၊ ပုဂ္ဂလိကဘဏ်များမှတဆင့်သော်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များတွင်အခြေပြုကာ ငွေလွှဲလုပ်ငန်းကို တရားဝင်လုပ်ဆောင်နေသူများဖြင့်သော်လည်းကောင်း ပေးပို့မှသာစိတ်ချရမည်ဖြစ်သည်။

Face to Face ငွေလွှဲပေးပို့ပေးမည်ဆိုပါကလည်း အိမ်တိုင်ရာရောက် ရောက်ရှိလာသူနှင့် မိမိသိရှိထားသည့် ငွေလွှဲအကြောင်းအရာနှင့် ၎င်းသိရှိထားသည့်ငွေလက်ခံအကြောင်းအရာအား တိုက်ဆိုင်စစ်ဆေးခြင်း၊ အထူးသဖြင့် မိမိမှ ငွေလွှဲပေးပို့ရန် ရရှိထားသည့် KPay ၊ Wave Pay သို့မဟုတ် အခြား Online Pay အကောင့်နှင့် ငွေလာပေးပို့သူ အသုံးပြုနေသည့် Online Pay အကောင့်အား တိုက်ဆိုင်စစ်ဆေးသင့်ကြောင်း ဖော်ပြအပ်ပါသည်။

#မြေလတ်အသံ

#ဆောင်းပါး #ငွေလဲဝန်ဆောင်မှု #အင်တာနက် #လိမ်လည်မှု #FacetoFace 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10