လက်ထပ်ပြီး ၅ ရက်အကြာ ခရီးသွားရတဲ့  PDF ရဲဘော် ၁ ဦး စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်တာကိုခံရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊  YOMA GBK PDF တပ်စု ၃ က အသက် ၂၀ နှစ်အရွယ် တပ်စုမှူးကျော်ကြီး (ခ) အေးမြတ်မင်း ဟာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

တာဝန်နဲ့ခရီးသွားပြန်လာတဲ့ တပ်စုမှူးကျော်ကြီးဟာ တောင်ငူမြို့နယ်ထဲမှာ ဇွန် ၆ ရက် ညနေ ၃ နာရီလောက်က ဖမ်းဆီးသတ်တာကို ခံခဲ့ရတာလို့ YOMA GBK  PDF ရဲ့ တပ်ခွဲမှူးကရင်လေးက ပြောပါတယ်။

ကိုကျော်ကြီးဟာ မေ ၂၂ ရက်က YOMA GBK  PDF စခန်းကနေ စတင်ခရီးထွက်ခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် မေ ၁၈ ရက်က သူ့ရဲ့ ချစ်သူနဲ့ လက်ထပ်ခဲ့တာလို့ ပြောပါတယ်။ 

ကျဆုံးခဲ့ရတဲ့ ရဲဘော်ရဲ့ ရုပ်အလောင်းကို ပြန်မရလို့ သူ့ရဲ့ ယူနီဖောင်းကိုပဲ ဇွန် ၇ ရက် မနေ့မွန်းလွဲ ၂ နာရီက သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ရဲဘော်ကျော်ကြီးဟာ ကြို့ပင်ကောက်မြို့နယ်သားဖြစ်ပြီး မောင်နှမသုံးဦးရှိတဲ့အထဲက အကြီးဆုံးသားဖြစ်သလို တပ်ဖွဲ့အတွင်း ရယ်စရာစကားတွေ ပြောတတ်တာကြောင့်  ချစ်ခင်လေးစားသူ ပေါများတယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိမှာ တပ်ဖွဲ့အတွင်း အင်အားတွေ ထပ်ဖြည့်ထားပြီး  အစွမ်းကုန် ကြိုးစားမှာဖြစ်သလို ပြည်တွင်း ပြည်ပမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ ဆက်လက် ထောက်ပို့ကူညီကြဖို့လည်း ကိုကရင်လေးက ပြောပါတယ်။  

မတ် ၃ ရက်က အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ကိုတင်အောင် အိမ်ကို တိုက်ခိုက်စဉ် အုပ်ချုပ်ရေးမှူး ပြန်ပစ်တဲ့ လက်ပစ်ဗုံးထိပြီး  YOMA GBK  PDF  အသက် ၂၀ နှစ် အရွယ် ရဲဘော်ရောင်ခြည် ကျဆုံးခဲ့ရပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကြို့ပင်ကောက် #သာယာဝတီခရိုင်  #တပ်ရင်း၃၈၀၁ #တပ်ခွဲ၁ # PDFရဲဘော် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10