လက်နက်ကြီးကျည်မှန်လို့ အဖွားတဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းပျက်စီး

လက်နက်ကြီးကျည်မှန်လို့ အဖွားတဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုမြောက်ပိုင်းမှာရှိတဲ့ ပျူစောထီးတပ်ဖွဲ့ဟာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် အသက် ၈၈ အရွယ်အဖွားတဦး ထိခိုက်ဒဏ်ရာရတဲ့အပြင် ဘုန်းကြီးကျောင်းတကျောင်းလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနေ့က ည ၈ နာရီချိန်လောက်မှာ တောပုရွာက ပျူစောထီးတပ်ဖွဲ့တွေဟာ အဲဒီရွာ (တောပုရွာ) အနောက်ဖက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်ပေါ်မှာ စကားထိုင်ပြောနေတဲ့ အဖွားတဦးရဲ့ ရင်အုံ လက်နက်ကြီးအစ ထိမှန်သွားတယ်လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

“ကျေးရွာ နာမည်ကတော့ ပြောပြလို့မရပါဘူး။ ထိခိုက်သွားတဲ့ အဖွားနာမည်ရောပေါ့။ လက်နက်ကြီးနဲ့ ဘာအကြောင်းမှမရှိပဲ သူတို့ဘက်က ပစ်လိုက်တာ။ အရင်ကတော့ အခုလို ပစ်ခတ်တာမျိုး မရှိဘူး။ အဖွားရဲ့ အခြေနေကတော့ သက်သာပါတယ်” လို့ဆိုပါတယ်။ 

ဒီနေ့ မနက်မှာလည်း စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဘုန်းကြီးကျောင်းတကျောင်း ထိမှန်ပျက်ဆီးသွားခဲ့သလို အနီးနားက ဒေသခံတချို့ဟာ ထွက်ပြေးတိမ်းရှောင်ဖို့အတွက် အသင့်အနေထားရှိနေကြောင်းကိုလည်း အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

“ဘုန်းကြီးကျောင်းကတော့ ဒီနေ့မနက်မှ အပစ်ခံရတာပါ။ စွမ်းရည်ထက်ဆီဆိုင် (မုံရွာမန်းလေးလမ်းပေါ်)ဘက်ကနေ ပစ်တာ တောပုရွာက ပျုတွေနဲ့ စ**တွေပေါင်းပြီး ပစ်တာပါ။ အဲ့မှာက တပ်စွဲထားသလို နေနေကြတာ။ အခုလက်ရှိကတော့ ရွာသားတွေ အထုပ်ကိုပြင်ထားပြီး နေနေရတာပါ” လို့ ဆိုပါတယ်။

လက်နက်ကြီးကျတဲ့ ရွာတွေကို ပြောပြလိုက်လျှင် ထပ်မံပြီး ပစ်ခတ်ခံရမှာ စိုးရိမ်တဲ့အတွက် မပြောပြရခြင်း ဖြစ်တယ်လို့လည်း ဒေသခံက ပြောပါတယ်။

တောပုရွာ(ပျုရွာ) အထိုင်ချထားတဲ့ စစ်ကောင်စီ၊ ပျူစောထီးတပ်ဖွဲ့ဟာ လက်နက်အားကိုးနဲ့ အနီးနားက ကျေးရွာတွေထဲကို လုယက်၊ ဓားပြတိုက်မှုတွေ ပြုလုပ်လေ့ရှိသလို့ မန္တလေး − မုံရွာ ကားလမ်းပေါ်မှာလည်း ခရီးသွားပြည်သူတွေဆီက ငွေကြေးကောက်ခံတာတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ မြေပြင်သတင်းအရင်းအမြစ်ထံက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10