လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ စစ်အုပ်စုစစ်ကြောင်းကိုတိုက်ခိုက်မှု ခဲယမ်းတွေအပါ ပစ္စည်းမျိုးစုံသိမ်းဆည်းနိုင်ခဲ့

လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ စစ်အုပ်စုစစ်ကြောင်းကိုတိုက်ခိုက်မှု ခဲယမ်းတွေအပါ ပစ္စည်းမျိုးစုံသိမ်းဆည်းနိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေသွားပို့တဲ့စစ်အုပ်စုကို ဇူလိုင် ၁၇ ရက် ဒီမနက်အစောပိုင်းက နှစ်ကြိမ်တိုင် တိုက်ခိုက်ရာ ပစ္စည်းမျိုးစုံသိမ်းဆည်းနိုင်ခဲ့တယ်လို့  မြိုင်ပကဖတာဝန်ရှိသူဆီက သိရပါတယ်။

တွင်းမရွာပျူစောထီးအထိုင်စခန်းကနေ သရက်ကန်ရွာကိုထွက်ခွာလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၇၀ ဦးခန့်ကို ဒီမနက်အစောပိုင်း ၂ နာရီလောက်နဲ့ ၅ နာရီလောက်မှာ တွင်းမရွာမြောက်ဘက်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က ပျူစောထီးမိသားစုတွေရယ် ဖမ်းထားတဲ့ပြည်သူတွေကို ထမ်းခိုင်းပြီး သွားပို့တာကို စောင့်တိုက်တာ။ ပထမအကြိမ်တိုက်တုန်းက ၄၅ မိနစ်လောက်ကြာတယ်။ နောက်တခါ ပြန်ထွက်မယ်လို့ပြင်နေတဲ့အချိန် ထပ်တိုက်တာမှာ ပျူတွေ‌၊ စစ်သားတွေနဲ့ အထမ်းသမားတွေ‌ပါ ပစ္စည်းတွေထားပြီး ထွက်ပြေးသွားတာ” လို့ မြိုင်ပကဖတပ်ဖွဲ့ဝင် ရဲဘော်အိုကေးက မြေလတ်အသံကို ပြောပါတယ်။

လက်နက်၊ ရိက္ခာသွားပို့တဲ့ စစ်အုပ်စုနဲ့ ပစ္စည်းထမ်းသူတွေအပါ အင်အား ၁၀၀ ကျော်ရှိပြီး တိုက်ခိုက်ချိန်မှာ ဖမ်းဆီးခံထားရတဲ့ပြည်သူတချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း RPG 7 ဗုံးသီး ၅ လုံး၊ ပို့ယမ်း ၁၀ တောင့်၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ကာဘိုင်ကျည် ၁၅၀၀ တောင့်၊ တော်ပီဒိုယမ်းချောင်း ၆ ချောင်း၊ ဆန် ၈ အိတ်ခန့် ၊ ဖုန်း ၂ လုံးနဲ့ ဆေးပစ္စည်းမျိုးစုံ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားနဲ့ပျူစောထီးတွေဟာ တွင်းမရွာထဲကိုထွက်ပြေးသွားကြောင်း လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရသိရပြီး လက်ရှိအထိတော့ တွင်းမရွာကစစ်အုပ်စုဟာ လူပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ မြိုင်ပကဖအမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁၊ တပ်ခွဲ ၂(ဂဠုန်)၊ PDF - Kamma(ကမ္မတပ်ပေါင်းစု)၊ KMDF (ကမ္မတပ်ပေါင်းစု)တို့ ပေါင်းကာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်အားလုံးဟာ အန္တရာယ်ကင်းခဲ့တယ်လို့  သိရပါတယ်။

ဇူလိုင် ၈ ရက်ကလည်း မြိုင်ပကဖနဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပေါက်မြို့နယ်၊ ဇီးပြားပျူစောထီးရွာနဲ့ တရော်ကိုင်းရွာတို့ကိုလည်း ဒရုန်း၊ ရော့ကတ်အပြင် လက်နက်ကြီးတွေနဲ့ အကြိမ် ၁၂၀ ထက်မနည်း တိုက်ခိုက်ခဲ့ကြပါ‌သေးတယ်။

ပုံစာ - သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် ဆန်များ

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မြိုင် #တွင်းမရွာ #ပျူစောထီး #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10