လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ အင်ဂျင်နီယာတပ်က တပ်ကြပ် ၁ ဦးကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မန္တလေးခရိုင်၊ အောင်မြေသာဇံမြို့နယ်၊ အမှတ်(၉၁၀)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း က တပ်ကြပ်အဆင့်ရှိသူ ၁ ဦး အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်းဆီက သိရပါတယ်။

တပ်ကြပ်ဝင်းမောင်ဟာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ တာဝန်ကျနေချိန် ဇွန်လ ၁၅ ရက်က ချိတ်ဆက်လာပြီး ဇွန်လ ၃၀ ရက်မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၀ Yoma Yar Zar တပ်ဖွဲ့ဆီကို အလင်းဝင်လာတာဖြစ်တယ်လို့ တပ်ရင်းမှူး လဂွန်းအိမ် က ပြောပါတယ်။

တပ်ကြပ်ဝင်းမောင်နဲ့အတူ MA 1 သေနတ် ၁ လက်၊ ကျည်ဆန် ၂၃၉ တောင့်၊ ကျည်ဘောက် ၃ ဘောက်ပါလာခဲ့ပါသေးတယ်။

အခုလို လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ချီးမြှင့်ငွေနဲ့အတူ ယင်းမာပင်တပ်ရင်း ၂၀ ကလည်း စုပေါင်းပြီး သိန်း ၈၀ ကျပ်တိတိကိုချီးမြှင့်ပေးသွားမယ်လို့ တပ်ရင်းမှူး လဂွန်းအိမ် ကပြောပါတယ်။

အလင်းဝင်လာသူကိုလည်း တပ်ရင်းတပ်ဖွဲ့ဝင်များနဲ့အတူ ဒေသခံပြည်သူတွေကလည်း အောင်သပြေပန်းတွေနဲ့ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ကြပြီး လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အခုလို နွေးထွေးစွာကြိုဆိုတဲ့အတွက်လည်း ဝမ်းသာမိခဲ့သလို စစ်ကောင်စီရဲ့စနစ်ကိုမကြိုက်တဲ့အတွက် ပြည်သူတွေဆီကို အလင်းဝင်လာရတာဖြစ်တယ်လို့  တပ်ကြပ်ဝင်းမောင် က ပြောပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀ ကို ပထမဆုံးအဖြစ် တပ်ကြပ်ကြီး စိုးခိုင်လင်း ဆိုသူအလင်းဝင်လာပြီး ယခု တပ်ကြပ် ဝင်းမောင် ဆိုသူမှာ ဒုတိယမြောက် အလင်းဝင်လာခဲ့တာပါ။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #PDF တပ်ရင်း #စစ်ကောင်စီ #အလင်းဝင် #လက်နက်ခဲယမ်း # ပြည်သူလူထု #ကြိုဆို #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10