လက်ပစ်ဗုံးဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

လက်ပစ်ဗုံးဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးကို ဇူလိုင် ၁၈ ရက် ဒီမနက် ၉ နာရီဝန်းကျင် လောက်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့အနောက်ဘက်၊ ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုအောင်မြင့်ဦးကို သူ့ရဲ့နေအိမ်ကနေ တဦးတည်း ဆိုင်ကယ်စီးလာချိန် ဇရစ်ချောင်းဘုန်းတော်ကြီးကျောင်းအနီးမှာ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၂ တို့က သေနတ်နဲ့ ၁၁ ချက်ပစ်ခဲ့တာလို့ ဆိုပါတယ်။

“အုပ်ကြီးက သူနေတဲ့ချောင်းနားရွာကနေ မင်းလှမြို့ကိုသွားတာကို စောင့်ပြီးသေနတ်နဲ့ပစ်ခဲ့တာ။ ဆိုင်ကယ်က စပါး‌တောထဲထိုးကျသွားပြီး ပွဲချင်းပြီးသေတာ“လို့ ပစ်ခတ်မှုအခြေအနေတွေကို သိရှိသူ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ကိုမိုးထက် ပြောပါတယ်။

ပစ်ခတ်မှုပြီးနောက် ကိုအောင်မြင့်ဦးရဲ့ လွယ်အိတ်ထဲကနေ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၂၆ တောင့်၊ ငွေကျပ် ၈၀,၀၀၀ ကို ကာကွယ်ရေးရဲဘော်တွေ သိမ်းယူနိုင်ခဲ့ပြီး အလောင်းကိုတော့ စစ်ကောင်စီဘက်က မင်းလှဆေးရုံရင်ခွဲရုံကို သယ်သွားတယ်လို့ ဆိုပါတယ်။

ကိုအောင်မြင့်ဦးဟာ စစ်တပ်ထောက်တိုင် အမာခံတဦးဖြစ်ကာ လူငယ်တွေကိုစစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေးလူစုကာ ငွေကြေးကောက်ခံတာ၊ စစ်ကောင်စီအဖွဲ့တွေဆီ မမှန်သတင်းပေးပြီး  ပြည်သူတွေကို ဖမ်းဆီးခိုင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့သတင်းတွေကိုထောက်လှမ်းပြီး စစ်ကောင်စီကိုပေးပို့နေတဲ့အတွက်  အခုလို အရေးယူခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂၊ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း ပဲခူးရိုးမတောင်ခြေက ဆားချောင်းရွာအနီးကို လက်နက်ကြီးငယ်တွေနဲ့ပစ်ကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဆားချောင်းရွာအနီးကနေ အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

ပုံစာ -  သေဆုံးသူပုံနှင့် သိမ်းယူခဲ့သည့် ပစ္စည်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #အုပ်ချုပ်ရေးမှူး #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10