လက်ပစ်ဗုံးနဲ့ပြန်ခုခံတဲ့ ဒုတပ်ကြပ်နဲ့ ပျူစောထီးကို PDF ဖမ်းဆီးစစ်ဆေးနေ

လက်ပစ်ဗုံးနဲ့ပြန်ခုခံတဲ့ ဒုတပ်ကြပ်နဲ့ ပျူစောထီးကို PDF ဖမ်းဆီးစစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းရွာကလာတဲ့ စစ်ကောင်စီဒုတပ်ကြပ်နဲ့ ပျူစောထီး ၁ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကာဘိုးတိုက်နယ်လှုပ်ရှား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။ 

ချင်မြစ်ကျင်းရွာကနေ ဇီးကုန်းမြို့ကိုလာတဲ့ ဒုတပ်ကြပ်ကျော်မင်းနိုင်နဲ့ ပျူစောထီးဝေဖြိုးအောင်တို့ကို အောက်တိုဘာ ၁၅ ရက် မနေ့ကမနက် ၉ နာရီကျော်က ဇီးကုန်းမြို့သကြားစက်အနီးမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့လာမှာကို သတင်းရလို့ကျနော်တို့ကစောင့်နေတာ။ သူတို့က ကားနဲ့လိုက်ခဲ့တယ်ဆိုပြီး သတင်းရတယ်။ သူတို့လိုက်စီးလာတဲ့ကားသမားကိုမေးတော့ လမ်းတဝက်မှာဆင်းခဲ့တယ်လို့ ပြောတယ်။ ကျနော်တို့ဆက်စောင့်နေတယ်။ ဆိုင်ကယ်နဲ့ရောက်လာတယ်။ ၁ ယောက်ကတော့ အေးဆေးအစစ်ခံတယ်၊ ဒုတပ်ကြပ်က လက်ပစ်ဗုံးနဲ့ ပစ်ဖို့လုပ်တော့ လုံးထွေးဖမ်းဆီးခဲ့ရတယ်" လို့ ကာဘိုးတိုက်နယ်လှုပ်ရှားပကဖခေါင်းဆောင်က ပြောပါတယ်။

ဒီဖမ်းဆီးမှုကို တောလေးခရိုင်ပကဖလှုပ်ရှားအဖွဲ့နဲ့ ကာဘိုးတိုက်နယ်ပကဖ လှုပ်ရှားအဖွဲ့တို့ပူးပေါင်း လုပ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးထားသူတွေကို မြို့နယ်အဖွဲ့တွေဆီ လွှဲပြောင်းထားကာ စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပြနိုင်သေးဘူးလို့ ဆိုပါတယ်။ 

ချင်မြစ်ကျင်းရွာဟာ ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်သလို စစ်ကောင်စီဘက်ကလည်း တပ်စွဲနေထိုင်နေတဲ့ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ညနေပိုင်းကလည်း ဇီးကုန်းမြို့၊ မြို့လယ်အရက်ဆိုင်အိမ်သာထဲမှာ စစ်ကောင်စီရဲတပ်သား ၁ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ချင်မြစ်ကျင်း #ဒုတပ်ကြပ် #ဖမ်းဆီးခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10