လက်ပံတန်းက ကျေးရွာချင်းဆက်လမ်းကို စစ်တပ်က ဖျက်ဆီး

လက်ပံတန်းက ကျေးရွာချင်းဆက်လမ်းကို စစ်တပ်က ဖျက်ဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်းဘေး၊ ဂရံစံပြရွာကနေ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

လက်ပံတန်းမြို့နယ်၊ ဂရံစံပြရွာကနေ ရေငံရွာကို ဆက်သွယ်ထားတဲ့လမ်းကို စစ်ကောင်စီတပ်က ဇွန် ၉ ရက် မနေ့ မနက် ၉ နာရီလောက်က မြေတူးစက်(ဘက်ဟိုး)အသုံးပြုကာ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“ထန်းပင်ချောင်ရွာရဲ့ အနောက်ဘက်ကနေ အတောင်သုံးဆယ်(၄၅ ပေခန့်)လောက်ကို လာဖျက်သွားတာပါ။ စပါးစိုက်ဖို့ လယ်လုပ်လာတဲ့ ထွန်စက်တွေလည်း ပြန်ရခက်သွားတာတွေ ရှိတယ်။ လာဖျက်တဲ့ စစ်တပ်ကိုတော့ တိတိကျကျ မသိရဘူး” လို့  ဒေသခံတဦးက ပြောပါတယ်။

အခုလို လမ်းဖျက်ဆီးခံရတဲ့အတွက် ဒေသခံတွေဟာ ဂရန်စံပြရွာကို သွားဖို့ခက်ခဲသွားပြီး အခြားလမ်းတွေကနေ အသုံးပြုကာ သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ပံတန်းမြို့နယ်အခြေစိုက် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ “ အဓိကကတော့ PDF တွေ ရိုးမပေါ်က ဆင်းရင်း ဒီလမ်းကိုပဲ သုံးမယ်ဆိုတဲ့ အထင်မျိုးပါမယ်။ ဒုတိယအချက်က တောင်ခြေ ပတ်ဝန်းကျင်ရွာတွေကို PDF တွေနဲ့ အဆက်အသွယ်ရှိတယ် ထောက်ပံ့နေတယ်လို့ မြင်မယ်။ ဒါကြောင့်  ဒီရွာတွေကို မြို့နဲ့ ဆက်စပ်ပြီးတော့ သွားဖို့လာဖို့ ခက်ခဲအောင်လုပ်တဲ့သဘောလည်း ပါတယ်” လို့ ပြောပါတယ်။

လက်ပံတန်းမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၃ စုနဲ့ ကျေးရွာပေါင်း ၃၁၀ ရှိပြီး အရှေ့ဘက်မှာ ကျောက်တံခါးနဲ့ ပဲခူးမြို့နယ်၊ မြောက်ဘက်မှာ မင်းလှနဲ့ မိုးညိုမြို့နယ်၊ တောင်ဘက်မှာ သာယာဝတီနဲ့ ဇလွန်မြို့နယ်၊ အနောက်ဘက်မှာ ဟင်္သာတနဲ့ အင်္ဂပူမြို့နယ်တွေနဲ့  ထိစပ်နေတယ်လို့  မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အခုလို လမ်းဖျက်ဆီးမှုကို စစ်ကောင်စီတပ်ဟာ အခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်ကလည်း  အုတ်ဖိုမြို့နယ်က ကျေးရွာချင်းဆက်လမ်းဖြစ်တဲ့ သာလိကာ - ဂွေးချောင်းလမ်းနဲ့ သဲကုန်း - ဒေါင်ကြီးလမ်းတွေကိုလည်း ဖျက်ဆီးခဲ့သလို ပြီးခဲ့တဲ့ နှစ်ကလည်း  ပဲခူးအရှေ့ခြမ်းက ရွှေကျင်၊ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်တို့မှာလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ပုံစာ - စစ်တပ်က ဖျက်ဆီးခဲ့သည့် ကျေးရွာချင်းဆက်လမ်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #လက်ပံတန်းမြို့နယ် #ဂရံစံပြရွာ #ပဲခူးရိုးမ #ကျေးရွာချင်းဆက်လမ်း #စစ်တပ် #ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10