လက်ပံတန်း၊ ညောင်ပင်ဇင်းရွာက နေအိမ် ၁၅ လုံးကို စစ်တပ်ကမီးရှို့

လက်ပံတန်း၊ ညောင်ပင်ဇင်းရွာက နေအိမ် ၁၅ လုံးကို စစ်တပ်ကမီးရှို့

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၅ လုံးပျက်စီးခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဂရံစံပြကျေးရွာဘက်ကလာတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက်နေ့လယ်ပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ 

“တိုက်ပွဲမရှိဘဲ မီးရှို့သွားတာ။ အိမ်ကြီးအိမ်ကောင်းတွေ မီးထဲပါသွားတာ။ အခြားအိမ်အသေးတွေလည်း ပါသေးတယ်။ ကျနော်တို့လည်း နယ်မြေရှင်းလင်းရေးသွားရင်း လောင်လက်စအိမ်တွေကို ငြှိမ်းသတ်ခဲ့ရတယ်။ ရွာသားတွေလည်း ထွက်ပြေးကြလို့ အဆက်သွယ်မရသေးဘူး။” လို့ လက်ပံတန်းမြို့နယ်က ပကဖအဖွဲ့ဝင် ကိုအောင်က ပြောပါတယ်။ 

စစ်ကောင်စီအဖွဲ့တွေဟာ ရွာကိုမီးရှို့ပြီး နိုဝင်ဘာ ၁၂ ရက်အထိ ညောင်ပင်ဇင်းရွာထဲမှာရှိနေပြီး စစ်ကြောင်းပြန်ထွက်ချိန် နိုဝင်ဘာလ ၁၃ ရက်မှာ နယ်မြေရှင်းလင်းရေးလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - လက်ပံတန်း၊ ဂဠုန်တပ်ဖွဲ့ -သာယာဝတီ၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ တို့ က နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒေသခံတဦးကတော့ “စစ်ကောင်စီတပ်က ဘာလို့ မီးရှို့တာလဲတော့ မသိရဘူး။ ဒီရက်ထဲမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ အဝေးကမြင်ရ‌တော့ ပေါ့ဆမီးလို့ထင်တာ၊ နောက်ရက်မှစစ်တပ်က မီးရှို့တာလို့သိရတာ” လို့ပြောပါတယ်။

ညောင်ပင်ဇင်းရွာမှာ အိမ်ခြေ ၃၀ ဝန်းကျင်ရှိပြီး ဒေသခံတွေလည်း ရွာကနေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေက အုတ်ဖိုမြို့နယ်၊ ကန့်နီရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဇူလိုင်လကုန်အထိ နိုင်ငံတဝန်း အရပ်သားနေအိမ် ၁ သိန်းကျော် (၁၀၅,၃၁၄) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သုသေအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က နိုဝင်ဘာလ ၁၁ ရက်မှာထုတ်ပြန်ထားပါတယ်။ 

ပုံစာ - နယ်မြေရှင်းရင်း မီးငြှိမ်းသတ်နေသည့် PDF များကိုတွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #နေအိမ်မီးရှို့ #စစ်ကောင်စီ #ပျက်စီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10