သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်က နယ်မြေရဲကင်းစခန်းတခုကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဂဠုန်တပ်ဖွဲ့ (သာယာဝတီ)က နို၀င်ဘာ ၂၃ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအင်အား ၅၅ ဦးခန့်ရှိတဲ့ လက်ပံတန်းမြို့နယ်၊ မှော်အင်းတိုက်နယ်၊ သာယာကုန်းရွာနယ်မြေရဲကင်းစခန်းကို နိုဝင်ဘာ ၂၂ ရက် မနေ့မနက် ၅ နာရီလောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းကာ ၃ နာရီကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကင်းစခန်းရှေ့မှာရှိနေတဲ့ ၇ ဦးကိုတော့ သုတ်သင်နိုင်ခဲ့တယ်။ ဘန်ကာထဲမှာ စစ်အုပ်စုဘက်က ရှိနေသေးတော့ စခန်းကိုတော့မသိမ်းနိုင်ခဲ့ဘူး၊ ညနေပိုင်းမှာတော့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို လူနာတင်ကားနဲ့ ဆွဲထုတ်(သယ်သွား)သွားတာကို သတင်းပြန်ရတယ်။”လို့ ဂဠုန်တပ်ဖွဲ့ရဲ့ ပြောခွင့်ရသူတဦးက ပြောပါတယ်။
မနေ့ကညနေပိုင်းမှာပဲ အဲဒီကင်းစခန်းကနေ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကိုပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးကျည် နေအိမ်တွေပေါ်ကို ကျရောက်တာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်က ရဲဘော် ၂ ဦးလည်း အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူနဲ့ စစ်ကူတွေလာတဲ့အတွက် သာယာကုန်းကင်းစခန်းကနေ ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည်အချို့က အရပ်သားနေအိမ်တွေထိခိုက်တာတွေရှိသလို ပြည်သူအချို့သေဆုံးတာတွေလည်းရှိတယ်လို့ ရေးသားထားပါသေးတယ်။
ဒီတိုက်ခိုက်မှုကို ဂဠုန်တပ်ဖွဲ့(သာယာဝတီ)၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(လက်ပံတန်း)၊ တပ်ရင်း ၃၈၀၂ က တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ အပြင် တပ်ရင်း ၃၈၀၃ တို့ပူးပေါင်းတိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဩဂုတ် ၂၄ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ ရေငံရွာကို စစ်ကြောင်းထိုးလာတဲ့အင်အား ၁၀၀ ဦးခန့်ပါစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်း ၁၀ ဦးနဲ့လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ကျည်မျိုးစုံကို သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။
ပုံစာ - လက်ပံတန်းရေငံရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #လက်ပံတန်း #တိုက်ခိုက် #တိုက်ပွဲ
Share Share Share