လက်ပံတန်းမြို့နယ်ထဲရှိ ရဲစခန်းတိုက်ခိုက်ခံရအပြီး ဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံရ

လက်ပံတန်းမြို့နယ်ထဲရှိ ရဲစခန်းတိုက်ခိုက်ခံရအပြီး ဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းနယ်မြေရဲစခန်းနဲ့လောင်းကစားဝိုင်း တိုက်ခိုက်ခံရအပြီး စစ်ကောင်စီက ဒေသခံ ၈ ဦးကို ဇူလိုင်လ ၃ ရက်ညက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

 

လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းရွာအနီး အောင်မင်္ဂလာရွာက အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦး၊ ပေါင်း ၈ ဦးကိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

 

"ထုံးစံအတိုင်း PDF အဆက်အသွယ်ရှိတယ်ဆိုပြီး၊ သူတို့လုပ်နေကြအတိုင်းလုပ်တာပါ့။မိသားစုလည်းမတွေ့ရသလို ဘယ်ကိုဖမ်းသွားမှန်းလည်း မသိရဘူး။ ဖမ်းသွားတာက အနည်းဆုံး ၁၅ ဦးလောက်ရှိမယ် တိတိကျကျသိတာကသာ ၈ ဦးပြောတာ" လို့ မြို့ခံတဦးက ပြောပါတယ်။

 

ဖမ်းဆီးရာမှာ ရဲနဲ့စစ်သားအပြင် ခမုံဆိပ်အုပ်စုက စစ်တပ်သတင်းပေး ကိုသိန်းဇော်ဦးလည်းပါဝင်တယ်လို့သူက ဆက်ပြောပါတယ်။

 

ရဲစခန်းနဲ့အနီးက လောင်းကစားဝိုင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ဟာ စစ်ကောင်စီဘက်က မျှော်လင့်မထားတဲ့ လုပ်ရှားမှုဖြစ်ပြီး မြို့ပေါ်စစ်ကောင်စီတွေလည်း တုန်လူပ်သွားကြသလို လုံခြုံရေး ထပ်မံတောင်းတာတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း ပြန်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ အောင်မင်္ဂလာရွာက မခင်ညိုမြင့်၊ ကိုမြတ်မင်းစိုး၊ မအိအိအောင်၊ မမိုးကြီး၊ ကိုစိုးနိုင်ထွန်း၊ ဦးမြင့်ကြိုင်နဲ့သား(အမည်မသိရသေး)နဲ့ မဝတ်ရည်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ လက်ပံတန်းမြို့နယ်အတွင်း စစ်သားအချို့ အရပ်ဝတ်နဲ့ကင်းပုန်းဝပ်နေကြသလို ရဲတွေကတော့ ကင်းလှည့်တာမျိုးတွေရှိပြီး လက်ရှိမှာ လက်ပံတန်းမြို့နယ်အတွင်း အမျိုးသားများ ညမထွက်ရဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

 

လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းနယ်မြေရဲစခန်းနဲ့ လောင်းကစားဝိုင်းကို ဒေသခံရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPNPDF နဲ့ ပူပေါင်းအဖွဲ့က ဇူလိုင် ၁ ရက်ကတိုက်ခိုက်ခဲ့လို့ ဇီးဖြူကုန်း ရဲကင်းက နယ်ထိန်းအောင်ကိုအပါ ရဲ ၃ ဦးနဲ့ ပျူစောထီး ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

ပြီခဲ့တဲ့ဇွန်လ ၃၀ ရက်ကလည်း မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်ရှိ ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးလှမြင့်နဲ့ ဇရစ်မြှောင်ကျေးရွာ စိုက်ပျိုးရေးဘဏ်အတွင်းရေးမှူး ဦးမြင့်ဌေးတို့ နှစ်ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ နေရာမှာပဲ သေဆုံးခဲ့ပါသေးတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #လက်ပံတန်း #ဇီးဖြူကုန်း #စစ်ကောင်စီ #ဒေသခံ #ဖမ်းဆီးခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10