လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးခွဲခံရ

လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးခွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ဗုံးတလုံးဖောက်ခွဲခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လက်ပံတန်း) တာဝန်ခံဆီက သိရပါတယ်။

ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ည ၈ နာရီခွဲကျော်က ဗုံး ၃ လုံး ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

"ဗုံးက ၃ လုံးခွဲတာမှာ ၂ လုံးက မပေါက်ဘူး။ ၁ လုံးပဲပေါက်တာ။ သယ်လာတဲ့အချိန်လမ်းမှာလည်း အစိုဓါတ်နဲ့ထိပြီး ရေငွေ့ရိုက်ခံရတာရယ် တပ်ဆင်ပြီးတဲ့အချိန်မှာ မိုးမိတာရယ်ကြောင့် Error တက်သွားတာ။ မိုးတွေရွာလာလို့ မခွဲချင်ပဲခွဲလိုက်ရတာ။ ပြည်သူတွေမပျော်ရတော့ဘူးပေါ့" လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPN-PDF အဖွဲ့တာဝန်ခံက ပြောပါတယ်။

ဗုံးခွဲခံရတာကြောင့် လူထိခိုက်မှုမရှိဘဲ ဘယ်ရီဂိတ်အတားအဆီးတွေ ပျက်စီးသွားပြီးဖောက်ခွဲတဲ့ရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးပေါက်ကွဲသံကို လက်ပံတန်းမြို့နဲ့ ၄ မိုင်အကွာမှာရှိတဲ့ ကျေးရွာကလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

"ညက မိုးကလည်းရွာနေတုန်း ပေါက်ကွဲသံကြားလိုက်တယ်။ စုံစမ်းကြည့်မှ လက်ပံတန်းရဲရုံးရှေ့ပေါက်တယ်ဆိုတာသိရတာ" လို့ လက်ပံတန်းမြို့နယ်သားတဦးက ပြောပါတယ်။

မပေါက်ကွဲတဲ့ဗုံး ၂ လုံးဟာ မြို့နယ်လျပ်စစ်ရုံးရှေ့မှာ ထောင်ထားတာဖြစ်ပြီး ပြည်သူတွေအန္တရာယ်ဖြစ်မှာစိုးလို့ ပြန်လည်ဖြုတ်သိမ်းခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်ညကလည်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ လက်ပံတန်းမြို့နယ်အနောက်ဘက် ဇီးဖြူကုန်းနယ်မြေရဲစခန်းနဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲနဲ့ပျူစောထီးအချို့ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီ #လက်ပံတန်း #ရဲစခန်း #ဗုံးခွဲတိုက်ခိုက် #လောင်းကစား #LPNPDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10