လက်ပံတန်းမှာ ကလေးချင်းရန်ဖြစ်ရာက လူကြီးချင်းလူသတ်မှုဖြစ်ပွား

လက်ပံတန်းမှာ ကလေးချင်းရန်ဖြစ်ရာက လူကြီးချင်းလူသတ်မှုဖြစ်ပွား

ပဲခူတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက် မနေ့ မနက် ၉ နာရီခွဲခန့်က ကလေးချင်းရန်ဖြစ်ရာက မိဘချင်းစကားများပြီး လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပြည်လမ်းအရှေ့ဘက် ထန်းပင်ချောင်ကျေးရွာနေ အသက် ၅ နှစ်အရွယ် ကလေး ၂ ဦး ရန်ဖြစ်ရာကနေ ကလေးတွေရဲ့ဖခင်ဖြစ်သူတွေပါဝင်လာပြီး အသက် ၂၃ နှစ်ခန့်ရှိ ကိုနိုင်လင်းအောင်က အသက် ၂၇ နှစ်ခန့်ရှိ ကိုကျော်နိုင်ဦးကို ဂိုက်(အရိုးရှည်တပ် ၂ ခွသံစူးချွန်)နဲ့ ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ ဂိုက်နဲ့ ထိုးတာလို့ပြောတယ်၊ ဘယ်ကိုထိုးမိတယ်လို့တော့ မသိဘူး။ ပွဲချင်းပြီးသေတာ ရွာသားတွေလည်း ရှုပ်ရှုပ်ယှက်ယှက် မပါချင်တော့ အနားသိပ်မကပ်ကြဘူး”လို့ ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုကျော်နိုင်ဦးနဲ့ ကိုနိုင်လင်းအောင်ဟာ တရွာတည်းနေ အရက်အတူသောက်စားကြသူတွေဖြစ်သလို တူရီးတော်စပ်သူတွေလည်း ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ 

သေဆုံးတဲ့ရုပ်အလောင်းကို လက်ပံတန်းဆေးရုံကိုပို့ဆောင်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက် မနေ့မှာပဲ ထိုးသတ်ခဲ့သူ ကိုနိုင်လင်းအောင်ကို ရဲကဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ လှေတုန်းကျေးရွာမှာလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၈ ရက်က စပါးရိတ်သိမ်းပြီးအထိမ်းအမှတ်သီချင်းဆိုရာက တရွာတည်းသားချင်း မိုက်လုရင်းစကားများရာက လူသတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။ 

ပုံစာ - သေဆုံးသူ ကိုကျော်နိုင်ဦး ။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အနောက်ခြမ်း #လက်ပံတန်း #လူသတ်မှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10