လက်ပံတန်းမှာ စစ်တပ်ပစ်တဲ့ ၄၀ မမ ဗုံးသီးထိလို့ အမျိုးသား ၁ ဦး ဒဏ်ရာရ

လက်ပံတန်းမှာ စစ်တပ်ပစ်တဲ့ ၄၀ မမ ဗုံးသီးထိလို့ အမျိုးသား ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မေလ ၁၂ ရက် မနက် ၉ နာရီခွဲလောက်မှာ ရေငံကျေးရွာရှိ စစ်ကောင်စီတပ်သားတွေက ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ရာ ဆင်တလင်းအုပ်စု၊ ထန်းပင်ချောင်ရွာက အသက် ၆၀ နှစ်အရွယ် အမျိုးသားတဦး သူ့အိမ်ခြံဝင်းက ငှက်ပျောတောထဲမှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တာပါ။ 

“စစ်တပ်ကပစ်တဲ့ အသံတွေကိုကြားပြီး ရွာသားတွေက ကြောက်ပြီးပြေးတာ။ သူ့မိသားစုကလည်း ပြေးသွားပြီ။ သူက အိမ်တခါးပိတ်ပြီးအပြေးမှာ ၄၀ မမ ကျည်က သူ့အနားကျပြီး ကျောကုန်းကို ကျည်စတွေထိသွားတာ” လို့  ဒေသခံတဦးက ပြောပါတယ်။ 

ဒဏ်ရာရတဲ့အမျိုးသားကို ကျေးရွာသားတွေက ထမ်းပိုးသယ်ဆောင်ကာ ဘုန်းကြီးကျောင်းကားနဲ့  သာယာဝတီမြို့ဆေးရုံကို ပို့ပေးတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး လက်ပံတန်းမြို့နယ်အခြေစိုက် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော် ကိုကိုအောင်ကတော့  “**တွေက ကျနော်တို့တော်လှန်ရေးအဖွဲ့တွေကို အတိအကျတိုက်ခိုက်တာမျိုး မရှိဘူး။ ပြည်သူကိုအကြောက်တရားတွေပေးနေတာ။ ရွာသားတွေ အထိနာလာရင် ကျနော်တို့ ကြောင့်ဆိုပြီး အပြစ်မြင်လာအောင်လုပ်နေတာ” လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူဟာ မေလ  ၁၄ ရက် ဒီနေ့အထိ ဆေးကုသနေပြီး စိုးရိမ်ရတဲ့အခြေအနေတော့ မရှိတော့ဘူးလို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက ရေငံရွာထဲမှာအထိုင်ချထားပြီး ပဲခူးရိုးမတောင်ခြေတဝိုက်မှာ အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးတာ၊ ဒေသခံတွေကို ခြောက်လှန့်ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။  

စစ်အာဏာသိမ်းချိန်ကနေ မေလ ၁၃ ရက်အထိ စစ်ကောင်စီတပ်သားတွေနဲ့ အဖွဲ့တွေကြောင့် ပြည်သူစုစုပေါင်း ၅၀၁၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #ရေငံကျေးရွာ #လက်နက်ကြီးပစ် #ဒေသခံ #ထိခိုက် #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10