လက်ပံတန်းမှာ တရက်တည်းတိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

လက်ပံတန်းမှာ တရက်တည်းတိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ နယ်၊ ရေငံကျေးရွာအုပ်စု၊ ငှက်ပျောတုန်းရွာအနီးမှာ ဖော်ဖော်ဝါရီလ ၁၇ ရက်က စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။

လက်ပံတန်းမြို့အရှေ့ဘက်၊ ငှက်ပျောတုန်းရွာအနီးမှာ မနက် ၁၀ နာရီခန့်က ပဲခူးရိုးမထဲကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ပထမအကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်အင်အားမမျှတော့ စစ်**တွေတက်လာတာနဲ့ပစ်လိုက် ပြန်ဆုတ်လိုက် တိုက်ရတယ်။ ၁ ကောင်ကျပြီးတော့ စစ်တပ်ကပြန်ဆုတ်သွားတယ်"လို့ ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဥက္ကာ ကပြောပါတယ်။

အဲ့ဒီနောက် နေ့လယ် ၁၁ နာရီခွဲလောက်မှာပြန်ထွက်လာတဲ့ စစ်ကြောင်းက စစ်ကောင်စီတပ်သားတွေကို သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့လက်ပံတန်းအခြေစိုက် ရွှေတန်းမြေကာကွယ်တပ်ဖွဲ့တို့က ဒုတိယအကြိမ် ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ငှက်ပျောတုန်းရွာနဲ့ ကျွန်းတောရွာအကြားမှာ ၄၅ မိနစ်ကြာ အပြန်အလှန်တိုက်ခိုက်ကြရာ နောက်ထပ် စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"စစ်**တွေက လက်နက်ကြီးတွေနဲ့စပစ်တယ်။ ကျနော်တို့က မောင်းပြန်တွေနဲ့ ပြန်ပစ်တယ်။ နယ်မြေ ကျွမ်းကျင်လို့ ကျနော်တို့ဘက်က အသာစီးရခဲ့တာပါ။ စစ်** ၅ ဦးသေတာက တိုက်ပွဲအတွင်းမှာ မျက်မြင်တွေ့ခဲ့ရလို့ အတည်ပြုနိုင်တာပါ " လို့ လက်ပံတန်းအခြေစိုက်ရွှေတန်းမြေကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုကိုအောင်က ပြောပါတယ်။

တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် အဲ့ဒီနေ့ နေ့လယ် ၃ နာရီကျော်မှာ သေဆုံးအလောင်းတွေကို ကျန်စစ်ကောင်စီတပ်သားတွေက တာပေါ်လင်မိုးကာစတွေနဲ့ပတ်ပြီး သယ်သွားကြတယ်လို့ ဆိုပါတယ်။ 

မတ်လ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာတော့ ပဲခူးရိုးမပေါ်က စစ်တပ်စခန်းအချို့ကို စစ်ကောင်စီဘက်က လေယာဥ်တစင်းနဲ့ အင်အားဖြည့်နေသလို မြေပြင်ကနေလည်း စစ်ကားတွေနဲ့အင်အား ဖြည့်နေတယ်လို့ ဒေသခံကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။ 

ပုံစာ - ဂဠုန်တပ်ဖွဲ့မှ ရဲဘော်များကို ရှေ့တန်းတနေရာတွင် တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #တိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10