လက်ပံတန်းမှာ မိုင်းဆွဲခံရတဲ့စစ်ကြောင်း ထိခိုက်သေဆုံးမှုများဟုဆို

လက်ပံတန်းမှာ မိုင်းဆွဲခံရတဲ့စစ်ကြောင်း ထိခိုက်သေဆုံးမှုများဟုဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက် သေဆုံးမှုတွေရှိသလို ကျည်တချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

လက်ပံတန်းမြို့နယ်၊ ကွမ်းခြံရွာကနေ  အင်အား ၃၀ လောက်နဲ့ ပဲခူးရိုးမတောင်ခြေဆီကို ခြေလျင်တက်လာတဲ့   စစ်ကြောင်းကို မနေ့ည ၈ နာရီလောက်မှာ ထန်းပင်ချောင်းရွာအနီးကနေ မိုင်းသုံးလုံးဆွဲကာ လက်နက်ငယ်တွေနဲ့  တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်တာမှာ ဒီကောင်တွေ ကစဉ့်ကလျားဖြစ်သွားတာ ချက်ခြင်းပြန်မပစ်နိုင်ဘူး။ ခဏကြာမှ လက်နက်ကြီးငယ်တွေနဲ့ ပြန်ပစ်တာ” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားတဲ့နောက် ၎င်းတို့တိုက်ခိုက်ခံရတဲ့နေရာကနေ ၆၀ မမကျည်တလုံးနဲ့ သွေးပေနေတဲ့ လက်နက်ငယ်ကျည် ၂၅ ‌တောင့်လောက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

သာယာဝတီဂဠုန်တပ်ဖွဲ့ရဲ့ ကြေညာချက်မှာလည်း မိုင်းဆွဲကာ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ဦးသေကာ ၆၀ မမ တလုံးနဲ့ လက်နက်ငယ်ကျည်အချို့  သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တပ်ပြန်ဆုတ်နေချိန် ည ၁၂ နာရီလောက်မှာ ထန်းပင်ချောင်ရွာနဲ့  တမိုင်ဝန်းကျင်အကွာမှာရှိတဲ့ ဆင်တလင်းရွာက နေအိမ် ၂ လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ 

“ကရင်အမျိုးသားတဦးရဲ့ အိမ်ကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ရင်း အနီးက အိမ်ကိုထပ်ကူးသွားတာ။ မီးဘယ်လိုငြိမ်းလဲတော့ မသိဘူး။ မီးသတ်ကားသွားတာ မကြားရဘူး။ မီးရှို့ပြီးတော့ စစ်တပ်က တမိုင်လောက်ပဲ ရှိတဲ့ ကွမ်းခြံရွာကို ညတွင်းချင်း ပြန်သွားတယ်” လို့   ပြောပါတယ်။  

ပြီးခဲ့တဲ့ မေ ၇ ရက် ညကလည်း လက်ပံတန်းမြို့နယ် ရန်ကုန် - ပြည်လမ်းဘေးက  ကွမ်းခြံရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - သိမ်းဆည်းရရှိခဲ့သည့် ၆၀ မမဗုံးသီး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီ #လက်ပံတန်း #စစ်ကောင်စီ #မိုင်းဆွဲ #သာယာဝတီဂဠုန်တပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10