သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာမှာ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အသက် ၆ နှစ်အရွယ် ကလေး ၁ ဦးအပါ ၆ ဦးသေဆုံးခဲ့ပါတယ်။
မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ စက်တင်ဘာ ၆ ရက် ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ လက်ယက်မရွာရဲ့ စာသင်ကျောင်းအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့ခံတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆ နှစ်အရွယ်ကလေး ၁ ဦးအပါ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသလို စာသင်ဆောင် ၃ ဆောင်၊ နေအိမ် ၃ လုံး၊ နွား ၇ ကောင်၊ ကား ၁ စီး ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“ဗုံးသီး ၃ လုံးချသွားတယ်၊ ပထမ တလုံးက စာသင်ကျောင်းဆောင်ရဲ့ အစပ်နားကိုကျတယ်။ နောက်တလုံးက စာသင်ကျောင်းရဲ့အရှေ့ဘက်မှာရှိတဲ့ အိမ်နားကိုကျတယ်။ နောက်ဆုံးတလုံးက ရွာအပြင်ဘက်ကိုကျတယ်။ ရွာမှာ ဘာမှလည်းမရှိဘူး တိုက်ပွဲလည်းမရှိဘူး။ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးလည်းမရှိဘူး။ လုံးဝအလွတ်ကြီးကို လာလုပ်သွားတာ။ ဆုံးသွားတဲ့သူ ၆ ဦးထဲမှာ ၄ ဦးကတော့ မိသားစုဝင်တွေပါ။” လို့မြိုင်နယ်ခံတဦးက ပြောပါတယ်။
ဒေါ်ချိုချိုဝင်း ၅၈ နှစ်၊ သားကြီးဖြစ်သူ မောင်သန့်ဇင်ထွန်း ၃၇ နှစ် ၊ သားငယ် မောင်တင်မျိုးထွန်း ၃၅ နှစ် ၊ မြေးဖြစ်သူ မငွေဇင်ပြုံး ၆ နှစ်၊ ဒေါ်မြအေး ၆၀ နှစ်၊ မရတီကျော် ၁၈ နှစ် တို့ ထိမှန်သေဆုံးခဲ့ပါတယ်။
ဦးသန်းဌေး၊ သမီးဖြစ်သူ မသန္တာအောင်၊ မြေးဖြစ်သူ မဆွေဇင်ပြုံးတို့ ၃ ဦးက ဒဏ်ရာရရှိခဲ့သလို သမီးနဲ့ မြေးဖြစ်သူ ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေနေရှိပြီး ဆုံးသွားတဲ့ မိသားစု ၄ ဦးနဲ့ ဒဏ်ရာရသူတွေဟာ မိသားတစုတည်းကပါ။
“ဆုံးသွားတဲ့ ဒေါ်ချိုချိုဝင်းတို့ ၄ ယောက် ဗုံးခိုကျင်းထဲမှာပုန်းရင်းနဲ့ ဗုံးခိုကျင်းအစပ်ကို ပေါင်ဗုံးကတည့်တည့်လာကျတော့ အထဲမှာတင် ၄ ဦးလုံးသေသွားတာ။ မရတီကျော် ဆိုင်ကယ်နဲ့ စျေးဝယ်ပြီး ကျောင်းနားကနေအဖြတ် ဗုံးက သူ့ရဲ့နောက်ကျော မီတာ ၅၀ လောက်အကွာကနေကျတာ။ အစတွေထိပြီး နားစည်ပွင့်ပြီးသေသွားတယ်။ ပွိုင့် ၅ ကျည်လည်းထိတယ်လို့ပြောတယ်။ ဒေါ်မြအေးကတော့ ဆေးရုံရောက်မှ ဆုံးသွားတာ။”လို့ သူကဆက်ပြောပါတယ်။
ဗုံးကြဲခံလိုက်ရတဲ့ အထက်တန်းကျောင်းဟာ ပိတ်ထားတာ ၁ နှစ်ဝန်းကျင်ရှိပြီး အဲ့ဒီကျောင်းထဲမှာ စစ်ရှောင်ပြည်သူ ၆၀ ဝန်းကျင်လောက် ခိုလှုံနေကြတာဖြစ်ပါတယ်။
လက်ယက်မရွာဟာ ပထမဆုံးအကြိမ်လေကြောင်းက တိုက်ခိုက်ခံရတာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေဟာ ကျေးရွာထဲမှာ ပြန်နေထိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မကွေး #မြိုင် #လက်ယက်မရွာ #လေကြောင်းတိုက်ခိုက်မှု #သေဆုံး
Share Share Share