သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာထဲကို စစ်ကောင်စီကဂျက်ဖိုက် တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၈ လုံးပျက်စီးခဲ့တယ်လို့ နွားထိုးကြီးဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၃ ရက်မနေ့ကညနေ ၅ နာရီလောက်မှာ မိတ္ထီလာအခြေစိုက် ရှမ်းတဲလေတပ်ဘက်ကတက်လာတဲ့ Mi 29 ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေ ပေါင် ၅၀၀ ဗုံးသီးနဲ့ကြဲချခဲ့တာလို့ ဆိုပါတယ်။
“နေအိမ် ၃ လုံးကတော့ ဘယ်လိုမှနေလို့မရတော့ဘူး၊ တော်တော်ပျက်စီးသွားတာ။ အမျိုးသမီး ၁ ယောက်ကတော့ မှန်စလေးပဲထိသွားတယ်။ အဲ့နားမှာ စျေးဆိုင်ရှိတယ်၊ စျေးဆိုင် ကံကောင်းတာ။ စျေးဆိုင်ဘက်ကျရင်တော့ တော်တော်သေတာပေါ့၊ အဲ့မှာက စျေးဝယ်သူတွေများတယ်။” လို့ နွားထိုးကြီးနယ်ခံတဦးက ပြောပါတယ်။
လက်ဝဲမြင်းမူရွာကို အခုလိုဗုံးကြဲခံရတာဟာ ယခင်ကျေးရွာဥက္ကဌဟောင်းဖြစ်သူက ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့ပေါင်းပြီး ရွာကိုဗုံးကြဲခိုင်းတာဖြစ်နိုင်တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်းပြောဆိုပါတယ်။
“အဲ့ရွာက အရင်ဥက္ကဌဟောင်းက ဒလန်အကြီးစားပေါ့လေ။ အဲဒီဥက္ကဌဟောင်းက မြင်းခြံမှာ သီတာယုမွန်နဲ့ပူးပေါင်းနေတာ။ ပူးပေါင်းနေပြီးတော့ သူက သူ့ရွာကို မကျေနပ်တဲ့အနေအထားလို့ ယူဆရတယ်။ ရွာမှာမနေရတဲ့အတွက် သူ့ရွာကိုပြန်ပြီး ဒုက္ခပေးနေတယ်လို့ ကျနော်တို့ယူဆတယ်။ ဥပမာ ဘယ်သူ့အိမ် ဘယ်သူ့အိမ်ပေါ့နော် နောက်ဆုံး NLD အားကောင်းတဲ့အိမ်ပေါ့နော်။ အနီအားကောင်းတဲ့အိမ်ကို ပစ်မှတ်ထားပြီးတော့ လုပ်ခိုင်းတယ်လို့ကျနော်ထင်တယ်။" လို့ သူက ဆိုပါတယ်။
အဆိုပါဥက္ကဌနဲ့ သူ့မိသားစုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရွာထဲကို ဝင်ရောက်တိုက်ခိုက်ချိန် ရွာထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရွာကနေထွက်ပြေးသွားကြတာလို့ သိရပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေဟာ နေ့လယ်ပိုင်းတွေမှာသာ ရွာထဲပြန်နေကြပြီး ညဘက်တွေမှာတော့ ရွာအပြင်တောတိုက်တွေထဲမှာ သွားရောက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၃,၀၀၀ ဝန်းကျင်ရှိတဲ့ လက်ဝဲမြင်းနီကျေးရွာက နေအိမ်ရာကျော်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကမီးရှို့ဖျက်ဆီးပြီး ဒေသခံ ၆ ဦးကိုလည်းမီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
အလားတူ သြဂုတ် ၉ ရက်မှာလည်း အဲ့ဒီရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ရာ နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#နွားထိုးကြီး #စစ်ကောင်စီ #လေကြောင်းဗုံးကြဲတိုက်ခိုက် #ပျက်စီး
Share Share Share