လင်းကတောရဲစခန်းသိမ်းတိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေလုပ်နေ

လင်းကတောရဲစခန်းသိမ်းတိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေလုပ်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရွာ ရဲစခန်းသိမ်းတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေ ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဧပြီ ၁ ရက် မနေ့က ညနေ ၄ နာရီလောက်မှာ လင်းကတောရွာရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး နာရီဝက်လောက် အကြာမှာ Mi 35 ရဟတ်ယာဉ်တစီးရောက်လာပြီး ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ရွာသားတွေကို တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်ထုတ်ထားတော့ ထိခိုက်မှုတွေတော့ မရှိဘူး။ မနေ့ကတော့ ကျနော်တို့ဘက်က ရဲဘော် ၂ ယောက် ၃ ယောက်လောက် အသေးစား ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲပါ” လို့ မြိုင်ပကဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဧပြီလ ၂ ရက် ဒီနေ့မနက်အထိလည်း တိုက်ပွဲက ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီဘက် ကလည်း ဒီမနက် ၈ နာရီလောက်မှာ Mi 35 ရဟတ်ယာဉ်တစီး နဲ့တိုက်ခိုက်ပြီး၊ မနက် ၁၀ နာရီကျော်လောက်မှာလည်း တိုက်လေယာဉ်တစီးက လင်းကတောရွာတဝိုက်ကို ဗုံးသီး ၄ လုံးကြဲချခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

“အခုသူတို့တွေ ရွာထဲမှာပိတ်မိနေပြီး ထွက်လို့ကိုမရတာ။ ပတ်ပတ်လည်က ကာကွယ်ရေးတပ်ဖွဲ့တွေ ဝိုင်းထားတာ။ ကျနော်တို့ကိုမနေ့ညကလည်း ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ကနေ ဟောင်ဝှစ်ဇာတွေနဲ့ လှမ်းထုသေးတယ်။ အခုချိန်ထိ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ” လို့ ပြောပါတယ်။ 

ဒါ့အပြင် ဒီမနက်ပိုင်းမှာ ရေစကြိုဘက်ကနေ အင်အားအများအပြားနဲ့ လင်းကတောရွာဘက်ကို စစ်ကူလာနေတယ်လို့လည်း ဆိုပါတယ်။

လင်းကတောရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ရှိနေဆဲဖြစ်တဲ့အတွက် သေဆုံးသူအရေအတွက်ကို အတိအကျ မသိရသေးဘူးလို့ မြိုင်ပကဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်ကလည်း လင်းကတောရွာရဲစခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ချိန် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ပြုလုပ်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်။

ပုံစာ ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က လင်းကတော ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့စဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #လင်းကတောရဲစခန်း #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10