လမ်းသွားပြည်သူတွေဆီက ပိုက်ဆံတောင်း‌နေတဲ့ စစ်သားတွေပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

လမ်းသွားပြည်သူတွေဆီက ပိုက်ဆံတောင်း‌နေတဲ့ စစ်သားတွေပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရေပိုးစားကျေးရွာအနီးမှာ လမ်းသွားပြည်သူတွေဆီကနေ ပိုက်ဆံ တောင်း‌နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၁ ရက် နေ့လယ် ၂ နာရီလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း People’s Defence Force - South Monywa တပ်ခွဲ (၁) ကထုတ်ပြန်ထားပါတယ်။

အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေက ဂွေးပင်တောရွာဘုန်းကြီးကျောင်းကနေ ထွက်လာပြီး အဲ့ဒီကျေးရွာနဲ့ ၁ မိုင်အကွာရှိ ရေပိုစားကန်ရွာအနီးမှာရှိနေချိန် ဒေသခံကာကွယ်ရေးတပ် တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

“ရေပိုးစားကန်ဘေးမှာက ဂိတ်တော့မရှိဘူး။ ဇရပ်ရှိတယ်။ အဲဒီကနေ ပိုက်ဆံတွေတောင်းနေတာ။ သေဆုံးသွားတဲ့တယောက်ကို ကျနော်တို့မျက်မြင်တွေ့ရတာပါ” လို့ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း People’s Defence Force - South Monywa တပ်ခွဲ ၁မှ တာဝန်ခံ ကိုဒေါင်းကာရံကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း People’s Defence Force - South Monywa တပ်ခွဲ (၁)၊  နွေဦးလူငယ် People’s Defence Force၊ ဒေါင်းဘုရင် MMU၊ Myinmu Fighter၊ TGR မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram၊ မြင်းမူမြို့နယ် ပကဖ၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

ကာကွယ်ရေပူးပေါင်းတပ်တွေဘက်က လက်နက်ငယ်တွေအပြင် ၆၀ မမ ရှော့တိုက်ဒုံးတွေနဲ့လည်း ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၄၀ မမ တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေး ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုကြောင့် ရေပိုးစားရွာ ဘုန်းကြီးကျောင်းကကျောင်းဆောင်တချို့ ထိမှန်ပျက်ဆီးသွားခဲ့မှုနဲ့ ခရီးသွားပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတာအတွက်လည်း တောင်းပန်ကြောင်း မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း People’s Defence Force - South Monywa တပ်ခွဲ (၁) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ခရီးသွားပြည်သူတွေအနေနဲ့လည်း ချောင်းဦး-မြင်းမူ-စစ်ကိုင်းလမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်သားတွေ ခြေရှုပ်နေတဲ့အတွက် အဲ့ဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာတာမလုပ်ဖို့နဲ့ အရေးကြီးကိစ္စတစုံတရာ အတွက်သွားလာခဲ့ရင် ဂရုတစိုက်သွားလာကြဖို့ကိုလည်း ပြောဆိုထား ပါသေးတယ်။

People’s Defence Force - South Monywa တပ်ခွဲ (၁) တပ်ဖွဲ့ဟာ မတ်လ ၂၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်ကို ပြန်လာတဲ့ စစ်ကောင်စီ Jammer ကားကို ရေပိုးစားရွာ နဲ့ နတ်ရေကန်ကြားမှာ ပဒေသာမိုင်း ၅ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #စစ်ကောင်စီ #ကာကွယ်ရေပူးပေါင်းတပ် #တိုက်ခိုက် #သတင်း #မြေလတ်သတင်းက

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10