လယ်ယာလုပ်သားရှားပါးလို့ အလုပ်သမားငှားမရတဲ့ တောင်သူတွေကို PDF တွေ ကူညီပေး

လယ်ယာလုပ်သားရှားပါးလို့ အလုပ်သမားငှားမရတဲ့ တောင်သူတွေကို PDF တွေ ကူညီပေး

မကွေးတိုင်း၊ ယောမြို့နယ်ထဲမှာ တောင်သူတွေရဲ့ နှမ်းရိတ်သိမ်းချိန်၊ စပါးစိုက်ပျိုးချိန်မှာ လယ်ယာလုပ်သား ရှားပါးပြီး အလုပ်သမားဌားမရ ဖြစ်နေတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လယ်ယာလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီပေးခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေကြောင့် ဒေသတွင်း စီးပွားရေးမပြေလည်မှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေ၊ ကုန်စျေးနှုန်းမြင့်တက်မှုတွေဖြစ်ပြီး တောင်သူတွေဟာ နှမ်းရိတ်သိမ်းဖို့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေတာကြောင့် ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က နှမ်းရိတ်သိမ်းပေးဖို့အတွက် တတ်နိုင်တဲ့ဘက်မှ ကူညီအားဖြည့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်ကြောင်းထွက်စရာ မရှိတဲ့အချိန်တွေပေါ် မူတည်ပြီး ဒေသခံတွေရဲ့ ပဲ၊ နှမ်း၊ စပါး စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်တွေမှာ ကူညီပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“အဓိက ကတော့ တပ်ဖွဲ့ရဲ့မူနဲ့ပဲသွားပါတယ်။ တိုက်စရာရှိရင်တိုက်၊ တိုက်စရာ မရှိရင်လေ့ကျင့်၊ လေ့ကျင့်စရာမရှိရင် ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ဆိုတဲ့ အတိုင်းပါပဲ။ ပြည်သူအခက်အခဲ ဖြစ်နေရင် ကူညီရမယ့်တာဝန်က ကျနော်တို့တာဝန်ပါပဲ။ တော်လှန်ရေးလုပ်ရတဲ့ ရည်ရွယ်ချက်ကိုက ပြည်သူတွေကို ကူညီဖို့ပါပဲ” လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ယောလေးက ပြော ပါတယ်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကာကွယ်ရေး၊ စစ်ရှောင်ကူညီရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေး စတဲ့ အရာတွေကို အဓိကထား ကူညီလုပ်ဆောင်ပေးနေတယ်လို့ ရဲဘော် ယောလေးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကလည်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ယောနယ်ထဲက ကျေးရွာတရွာမှာ အများပြည်သူအသုံးပြုနေတဲ့ လမ်းပိုင်းဟာ မိုးရာသီကြောင့် လမ်းတွေပျက်ဆီး သွားတဲ့အတွက် သွားလာရေးပြန်လည်အဆင်ပြေစေဖို့ ပြည်သူတွေနဲ့အတူ လမ်းပြုပြင်ရေးတွေ  လုပ်ဆောင်ပေးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း၊ #ယောမြို့နယ် #တောင်သူ #နှမ်းရိတ်သိမ်းချိန် #စပါးစိုက်ပျိုး #လယ်ယာလုပ်သား #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10