လယ်ဝေးမြို့နယ်ရှိ ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်

လယ်ဝေးမြို့နယ်ရှိ ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်

နေပြည်တော်နယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ဧလာလေတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဧပြီ ၁၁ ရက် မနက် ၄ နာရီ ၄၅ မိနစ်လောက်မှာ ရှော့တိုက်ဒုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Brave Warriors For Myanmar - BWM အဖွဲ့က ထုတ်ပြန်ထားပါတယ်။

နေပြည်တော်ဧလာလေဆိပ်ဟာ နိုင်ငံတကာလေဆိပ်ဖြစ်ပြီး နိုင်ငံရဲ့ ဗဟိုအချက်အချာမှာ တည်ရှိနေတာကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ရေးအတွက် အနယ်နယ်အရပ်ရပ်သို့ စစ်လေယာဥ်များ စေလွှတ်ရန် အဓိကအခြေခံရာ အဆင့်မြင့်လေတပ်စခန်းတခုဖြစ်သလို စစ်ကောင်စီ အကြီးအကဲတွေ အခြေအနေမဟန်ရင် ထွက်ပြေးရန် အဓိကပြေးပေါက်လည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဆိုပါလေဆိပ်ကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ လေတပ်အရာရှိနဲ့ တပ်သားတချို့သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors For Myanmar - BWM အဖွဲ့မှ ပြော‌ရေးဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။

“အချိန်က တလလောက်ယူပြီး ပြင်ဆင်ခဲ့ရတယ်။ ဒီကြားထဲ အခြားအဖွဲ့တွေကလည်း ဒီနေရာကိုလာတိုက်ထားတာရှိတော့ အချိန်ထပ်ယူပြီး သေချာပြန်ပြင်ဆင်ခဲ့ရတယ်။ သေဆုံးတာတွေကတော့ များတယ်။ တိတိကျကျသိရအောင် ဆက်လက်စုံစမ်းနေပါတယ်” လို့ သူက ပြောပါတယ်။

ဧလာလေတပ်စခန်းဟာ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့ကို ဗုံးကြဲတဲ့တိုက်လေယာဉ်နားခိုးရာ နေရာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ Mountain Knights - Civilian Defense Force တပ်ဖွဲ့ဝင်တဦးကလည်း “ ကျနော်တို့ ပစ်တဲ့နေရာက စကစဂိတ်နဲ့ ကပ်ပစ်ရတော့ မီးရောင်ထွက်မှာစိုးလို့ မှတ်တမ်း Video တောင် မရိုက်ခဲ့ရဘူး။ အခုမနက်လည်း စကစတွေက လေယာဉ်နဲ့ပါ ပတ်ရှာနေတယ်” လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ နဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

ယင်းလေဆိပ်ကို Brave Warriors for Myanmar (BWM) အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ၄ ကြိမ်ရှိပြီလို့ ဆိုပါတယ်။

BWM တပ်ဖွဲ့ဟာ မတ် ၁၄ ရက်ကလည်း တောင်ငူလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ သွားရောက်ခဲ့ရာ ၂ လုံးမှာ မပေါက်ကွဲခဲ့ပေမယ့် ၃ လုံးဟာ တောင်ငူလေတပ်စခန်းအတွင်း ကျရောက်သွားတဲ့အတွက် ဂျက်ဖိုက်တာ ၂ စီး ထိမှန်ပျက်စီးသွားသလို စစ်ကောင်စီတပ်သားတချို့လည်း ထိမှန်ဒဏ်ရာရရှိသွားပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#နေပြည်တော် #ဧလာလေတပ်စခန်း #ရှော့တိုက်ဒုံး #BraveWarriorsForMyanmar #BWM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10