သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲကို စရိတ်ငြိမ်းပို့ဆောင်ပေးမယ်ဆိုကာ မကွေးမြို့ပေါ်ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက လူလိုက်စုနေပြီး စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်ဆဲ Non-CDM နဲ့မိသားစုဝင်တွေကိုလည်း ရွှေစက်တော်ကို အလှည့်ကျသွားရောက်ဖို့ ညွှန်ကြားထားတယ်လို့ မြို့ခံတွေနဲ့ Non-CDM အသိုင်းအဝိုင်းထံက သိရပါတယ်။
မတ် ၁၉ ရက်ကစတင်ကာ ချမ်းမြေ့သာယာ၊ သိင်္ဂါ၊ မြိုဟောင်းရပ်ကွက်တွေအပါအဝင် မကွေးမြို့ပေါ်ရပ်ကွက်တချို့မှာ ရွှေစက်တော်ကိုသွားရောက်ဖို့ ကားခအခမဲ့၊ နေထိုင်စားသောက်စရိတ်ငြိမ်းပို့ဆောင်ပေးမယ့်အပြင် နေ့စားခပါပေးဆောင်မယ်ဆိုကာ ပြောဆိုစည်းရုံးနေတာလို့ ဆိုပါတယ်။
“ လူတွေကို လိုက်စည်းရုံးတာ၊ တဦးကိုအခကြေးငွေလည်းပေးမယ်၊ ကားနဲ့လည်း လိုက်ပို့ပေးမယ်၊ စရိတ်စကလည်း ၅ ထောင်ပေးမယ်ဆိုပြီး ရွှေစက်တော်ကို အတင်းခေါ်တာ။ ရပ်ကွက်တွေထဲကတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကတည်းက ခေါ်နေတာ၊ လွန်ခဲ့တဲ့ ၂ ရက်ကလည်း တသုတ်သွားတယ်။” လို့ မကွေးမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒါ့အပြင် မင်းဘူးနဲ့မကွေးခရိုင်ထဲက စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်ဆဲ Non-CDM ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကို စနေ၊တနင်္ဂတွေရုံးပိတ်ရက်တွေမှာ ရွှေစက်တော်ကို အလှည့်ကျသွားရောက်ဖို့ မကွေးတိုင်းစစ်ကောင်စီဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
“ ခုတပတ်က မင်းဘူးကအဖွဲ့(Non-CDM)တွေအလှည့်ပေါ့။ မကွေးအလှည့်တော့ မရောက်သေးဘူး ။ အလှည့်ကျသွားဖို့ညွှန်ကြားထားတယ်။” လို့ မကွေးမြို့က Non-CDM ဝန်ထမ်းတဦးက ပြောပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲကို ဘုရားဖူးလာရောက်သူ သိသိသာသာနည်းပါးနေပြီး ယခင်က ၁ ရက်တည်းခိုခ သိန်းနဲ့ချီပေးဆောင်ရတဲ့ တည်းကျောင်းခတွေဟာ လာရောက်သူမရှိလို့ ၁ ရက် ၁၀,၀၀၀ ကျပ်ဝန်းကျင်အထိ လျှော့ချထားတယ်လို့ သိရပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲဟာ မင်းဘူးနဲ့ငဖဲမြို့နယ်အစပ် ပုသိမ်-မုံရွာလမ်းအနောက်ဘက်ခြမ်းမှာတည်ရှိတာဖြစ်ကာ ဘုရားပွဲကိုလာရောက်ရာ ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ စလင်း၊ ပွင့်ဖြူ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို ငဖဲမြိုနယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဒါ့အပြင် စစ်ကောင်စီက ပုသိမ်-မုံရွာလမ်းပိုင်းကို အသုံးပြုပြီး ရခိုင်ရိုးမနဲ့ ဒေသတွင်း စစ်ကောင်စီတပ်စခန်းတွေကို လူ၊လက်နက်၊ခဲယမ်းအင်အားဖြည့်တင်းတာနဲ့ ခရီးသွားကားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ဆောင်နေတာကြောင့် အဆိုပါလမ်းပိုင်းမှာ နေရာ၊ အချိန်မရွေး တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်လို့ သတိထားအသုံးပြုဖို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလအတွင်းက သတိပေးထုတ်ပြန်ထားပါတယ်။
“ ဒီနှစ်က ရွှေစက်တော်မကြုံစဖူးပဲ။ ခု မကွေးကနေ (ရွှေစက်တော်ကို) သွားနေတာ တချို့တော့ရှိတယ်၊ ဆယ်တန်းစာမေးပွဲဖြေနေတဲ့ကာလဆိုတော့ မြို့ပေါ် KTV တွေအကုန် ပိတ်ထားရတာ။ KTVတွေကတော့ တခုပြီးတခု ဝန်ထမ်းတွေကို လိုက်ပို့ပေးနေတာရှိတယ်။ ကျန်တာတော့ ဘယ်သူမှမသွားကြဘူး” နောက်ထပ်မကွေးမြို့ခံတဦးက ပြောပါတယ်။
မန်းရွှေစက်တော်ဘုရားပွဲကို နှစ်စဥ်တပို့တွဲလဆန်း ၅ ရက်(ဖေဖော်ဝါရီပထမပတ်)ကနေ မြန်မာနှစ်ဆန်း ၁ ရက်နေ့(ဧပြီလ ၁၇ ရက်)အထိ ၃ လခန့် ကျင်းပတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် ၂၀၂၅ ဘုရားပွဲကာလဟာ လူလာရောက်မှုသိသိသာသာနည်းပါးနေတယ်လို့ သိရပါတယ်။
ပုံစာ - ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်တဲ့ မန်းရွှေစက်တော်ရာဘုရားပွဲ ဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီဝန်ကြီးချုပ်တက်ရောက်စဥ်။
#မြေလတ်အသံ
#မကွေး #ရွှေစက်တော် #ဘုရားဖူး
Share Share Share