လိုင်စင်မဲ့ ပရဟိတကားတွေကို ဖမ်းပြီးသိမ်းနေလို့ ကျန်းမာရေးကိစ္စသွားလာဖို့ အခက်တွေ့နေကြ

လိုင်စင်မဲ့ ပရဟိတကားတွေကို ဖမ်းပြီးသိမ်းနေလို့ ကျန်းမာရေးကိစ္စသွားလာဖို့ အခက်တွေ့နေကြ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းမကြီးမှာရှိတဲ့ နတ်ရေကန်ရွာ စစ်တပ်စစ်ဆေးရေးဂိတ်မှာ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးသိမ်းဆည်းနေတယ်လို့ သြဂုတ် ၄ ရက်က ဒေသခံပြည်သူတဦးထံက သိရပါတယ်။

ချောင်းဦးမြို့အထွက် ၇ မိုင်ခန့်အကွာမှာရှိတဲ့ နတ်ရေကန်ရွာအနီးမှာ စစ်ကောင်စီက အထိုင်ချတပ်စွဲထားတဲ့ အင်အား ၄၀ ကျော်ရှိတဲ့ ဂိတ်စခန်းမှာ မေလနှောင်းပိုင်းကစလို့ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးသိမ်းဆည်းနေတာဖြစ်ပြီး ပရဟိတလူမှုကူညီရေးအသင်းကားတွေပါ ဖမ်းဆီးသိမ်းဆည်းတာ ဖြစ်တယ်လို့ဆိုပါတယ်။

"ပရဟိတကားတွေသွားလာရတာ မလွယ်တော့ လူနာတွေသွားလာဖို့ အခက်တွေ့နေကြတယ်။ အသင်းတွေကလည်း အဖမ်းခံရမှာစိုးလို့ မလိုက်ရဲကြဘူး။ လိုင်စင်မဲ့ကားတွေ ဖမ်းတာဖြစ်လို့ ကျနော်တို့ အသင်းလည်း လိုင်စင်နဲ့ကားမရှိလို့ နားထားရတယ်" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဂိတ်စခန်းက လိုင်စင်မဲ့ကားတွေ သိမ်းဆည်းရာမှာ ဟားခါးမြို့က ၂ စီး၊ မုံရွာမြို့က ၁ စီး၊ မန္တလေးမြို့က ၁ စီးနဲ့ လူမှုကူညီရေးအသင်းကား ၄ စီးသိမ်းဆည်းခံလိုက်ရတယ်လို့ သူကဆက်ပြောပါတယ်။

" မန္တလေးဆေးရုံကို အသင်းသားနှစ်ယောက် လူနာသွားပို့တယ်။ နတ်ရေကန်ဂိတ်မှာ အသင်းသားတယောက်ဆင်းနေခဲ့ရတယ်။ လူနာပို့ပြီးတော့ မန္တလေးကအပြန်မှာ ယာဥ်မောင်းကိုဆင်းခိုင်းတယ်။ အသင်းကားကို သိမ်းထားလိုက်တယ်။ လူတွေတော့ ပြန်လွှတ်ပေးတယ်" လို့နာ/ကူအသင်းဝင်တဦးက ပြောပါတယ်။

ပရဟိတအသင်းကားတွေမှာ ယခင် HSE နံပတ်နဲ့ ထုတ်ပေးထားသော်လည်း အကျုံးမဝင်သလို၊ သက်တမ်းတိုးလို့လည်းမရဘဲ အိမ်စီးကားနည်းတူ သက်တမ်းမလွန်သေးတဲ့ လိုင်စင်မျိုးရှိမှသာ သိမ်းဆည်းခြင်းမခံရတာလို့ ဆိုပါတယ်။

မုံရွာနဲ့ ချောင်းဦး မြို့ပေါ်ကပရဟိတအသင်းတွေအနေနဲ့ မန္တလေးသို့ လူနာပို့ဖို့အတွက် အသင်းအဖွဲ့တွေက မလိုက်ရဲကြတော့ဘဲ၊ နယ်တွေက ဆေးကုလာတဲ့အခါလည်း မုံရွာဆေးရုံကနေ မန္တလေးဆေးရုံကို လိုင်းကားတွေနဲ့ သွားနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကတည်းက မုံရွာ-မန္တလေး ကားလမ်းမပေါ်မှာ စစ်ဆေးရေးတင်းကျပ်ထားရာမှာ နတ်ရေကန်ဂိတ်စခန်းက စစ်ဆေးမေးမြန်းတာဆိုးရွားသလို ရိုက်နှက်တာတွေရှိပြီး သံချပ်ကာကားတစီးပါထားရှိကာ ဂိတ်မရောက်ခင်မှာ ကင်းပုန်းဝပ်နေသူတွေ အများအပြားရှိတယ်လို့ သိရပါတယ်။

ပုံစာ - လူနာလာပို့သည့် ပရဟိတအဖွဲ့အစည်းတခု၏ လူနာတင်ယာဉ် (ပုံဟောင်း)။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #မုံရွာ #မန္တလေး #ချောင်းဦး #လိုင်စင်မဲ့ #ပရဟိတအဖွဲ့ #ကျန်းမာရေး #စစ်ကောင်စီ #ပရဟိတကား #သိမ်းဆည်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10