လူငယ်တွေ အလုပ်အကိုင်ရရှိဖို့ ကွန်ပြူတာအခြေခံ စတင်သင်ကြား (ရုပ်/သံ)

လူငယ်တွေအတွက်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ Computer Learning Center အခြေခံသင်တန်းကို ပထမဆုံး အနေနဲ့ ဇန်နဝါရီ ၆ ရက်က စတင်ဖွင့်ပြီး သင်ကြားပေးနေတယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

တော်လှန်ရေးကာလအတွင်း ငွေကြေးအခက်အခဲရှိနေတဲ့လူငယ်တွေနဲ့ အလုပ်အကိုင်မဲ့နေတဲ့ လူငယ်တွေအတွက် ပညာရည်တိုးတက်စေဖို့ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့တာပါလို့ ဦးဆောင်သူ မဖူးပွင့်ဝေ ကပြောပါတယ်။

အဲ့ဒီသင်တန်းမှာ G10 နဲ့ G12 ကျောင်းသားကျောင်းသူ ၃၀ ဦးကို လက်တော့ပ် ၁၀ လုံးနဲ့ ၁ နေ့ကို ၃ ချိန်ခွဲပြီး စေတနာ့ဝန်ထမ်း ဆရာ ၁ ဦး က စတင်သင်ကြားပေးနေတာပါ။

အညာပစ်တိုင်းထောင်အဖွဲ့ရဲ့ ပညာရေးကဏ္ဍမှာ လူငယ်နဲ့ပညာရေးအတွက် ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းကျောင်းဖွင့်လှစ်နိုင်ဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

သင်တန်းကျောင်း အဆောက်အအုံအတွက် လိုအပ်နေတဲ့သစ်တွေကို အညာမြေမီးလောင်ပြင်မှာရှိတဲ့ သစ်ပင်တချို့ကို ခုတ်လှဲကာ ခွဲခြမ်းစိတ်ဖြာပြီး ဆောက်လုပ်ထားသလို အလျားပေ ၃၀၊ အနံပေ ၂၀ အကျယ်ရှိပြီး သံဖိနပ်ခံ၊ သစ်သားတိုင်၊ သွပ်မိုး၊ ထရံကာနဲ့ ဆောက်လုပ်ထားတာပါ။

သင်တန်းအဆောက်အအုံအပါအဝင် ကွန်ပြူတာတင်စားပွဲနဲ့ ထိုင်ခုံ ၁၀ လုံး၊ လက်တော့ပ် ၁၀ လုံး၊ ဆိုလာပြားတွေအတွက် ကုန်ကျစရိတ်စုစုပေါင်း ကျပ်သိန်း ၃၅၀ ကျော်ကုန်ကျခဲ့တယ်လို့ မဖူးပွင့်ဝေ ကပြောပါတယ်။

အခုလို Computer Learning Center ကိုဆားလင်းကြီးနယ်ထဲမှာ ပထမဆုံး သင်ကြားပေးနေသလို ယင်းမာပင်ခရိုင်အတွင်းက တခြားမြို့နယ်တွေမှာပါ တိုးချဲ့လုပ်ကိုင်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

အညာဒေသမှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တော်လှန်ရေးကာလအတွင်း စစ်ရှောင်ပြည်သူတွေ၊ မီးဘေးသင့်ပြည်သူတွေနဲ့ တပ်ရင်းတပ်ဖွဲ့မှာရှိတဲ့ ရဲဘော်တွေအတွက်လည်း ထမင်းဟင်းတွေ ချက်ပြုတ်ကျွေးမွေးသလို အဝတ်အထည်၊ မီးဖိုချောင်သုံးပစ္စည်း စတာတွေကို ထောက်ပံ့ပေးနေပြီး ပညာရေးကဏ္ဍမှာလည်း ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#လူငယ် #အလုပ်အကိုင်အခွင့်အလမ်း #ကွန်ပြူတာသင်တန်း #အညာပစ်တိုင်းထောင်လေးများ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10