လူလတ်တန်းစားအကျပ်အတည်းနဲ့ ရွေ့ပြောင်းလုပ်သားစိန်ခေါ်မှု

လူလတ်တန်းစားအကျပ်အတည်းနဲ့ ရွေ့ပြောင်းလုပ်သားစိန်ခေါ်မှု

မြန်မာပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုနောက်ပိုင်းကစပြီး အခြေခံအလုပ်အကိုင်တွေဖြစ်တဲ့ အထည်ချုပ်နဲ့ စက်ရုံအလုပ်ရုံလုပ်ငန်း ပိတ်သိမ်းမှုတွေ ဖြစ်လာခဲ့ပါတ‌ယ်။

နိုင်ငံတဝန်း အထည်ချုပ်စက်ရုံလုပ်သား တသိန်းခွဲနီးပါး အလုပ်က ထုတ်ပယ်ခံလိုက်ရတာတွေအပြင် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှု လုပ်ခလစာနည်းပါးမှု မြန်မာငွေကြေးတန်ဖိုး ကျဆင်းလာမှု စတဲ့အခြေအနေတွေကြောင့် ပြည်တွင်းလုပ်သားအများစု အိမ်နီးချင်း နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်မှုတွေများလာတယ်လို့ အလုပ်သမားရေးရာသုတေသီ ကိုမောင်က ဆိုပါတယ်။

“မြန်မာပြည်တွင်းမှာ နိုင်ငံရေးစီးပွားရေးမတည်ငြိမ်မှုတွေနဲ့အတူ ရင်းနှီးမြုပ်နှံမှု ထုတ်သွားတဲ့လုပ်ငန်းတွေ ရှိလာသလိုနိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံက အခြေခံအလုပ်သမားတွေအတွက် အခြေအနေတွေ ပိုဆိုးလာတယ်” လို့ ကိုမောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင် အခြေခံလုပ်သားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ကျပ် သတ်မှတ်ပြဌာန်းထားရာ စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားအခွင့်အရေး ပိုမိုခက်ခဲကျပ်တည်းလာခဲ့ပြီး တရက်ကို မြန်မာကျပ်ငွေ ၃၀၀၀ ကနေ ၄၀၀၀ ဝန်းကျင်အထိသာရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ)မှ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ မမျိုးမျိုးအေးက ပြောပါတယ်။

 “အခုဆိုရင် အလုပ်သမားတွေအတွက် အခွင့်အရေးဆိုတာ မရှိတော့ဘူး။ တိုင်စရာနေရာလည်း မရှိတော့ဘူး။ အလုပ်သမားသမဂ္ဂတွေကိုလည်း ဖိနှိပ်တာတွေ ပိုဆိုးလာတယ်။ ခေါင်းပုံဖြတ်တာတွေလည်း များလာတယ်။ ကျမကိုယ်တိုင်တောင် တရားစွဲခံထားရပြီး တရားရင်ဆိုင်နေရတယ်” လို့ပြောပါတယ်။

ထိုင်းမြန်မာ နယ်စပ်မဲဆောက်တာ့ခ်ပြည်နယ်အတွင်း မြို့နယ် (၉) မြို့နယ်ရှိပြီး မြန်မာရွေ့ ပြောင်းလုပ်သား ၄ သိန်းကျော် နေထိုင်လုပ်ကိုင်နေတာမှာ တာခ့်ခရိုင်မှာ အထည်ချုပ်စက်ရုံ၊ သိုးမွှေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ တောင်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့အထွေထွေလုပ်သားအများစု အလုပ်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

မြို့နယ် ၅ မြို့နယ်ဖြစ်တဲ့ မဲဆောက်၊ ဖုပ်ဖရာ့၊ အုန်းဖန်၊ မဲ့ရမတ်၊ ထဆောင်ယန်းမှာ မြန်မာရွေ့ ပြောင်းလုပ်သား ၃ သိန်းခွဲနေထိုင်ပြီး တာ့ခ်ခရိုင်အတွင်းမြို့နယ် ၄ မြို့နယ်မှာ မြန်မာရွှေ့ပြောင်း လုပ်သား ၅ သောင်းခန့် နဲ့ စုစုပေါင်းမြန်မာ ၄ သိန်းကျော်နေထိုင်တယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) က စုဆောင်းထားတဲ့စာရင်းတွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု မတိုင်ခင်ကာလနဲ့ အာဏာသိမ်းမှုနောက်ပိုင်း ကာလကြား ထိုင်းမြန်မာနယ်စပ်ဒေသတွေမှာ ထူးခြားဖြစ်စဉ်လို့ပြောလို့ရတဲ့ အခြေအနေတခုက မြန်မာပြည်တွင်းက အလယ်အလတ်တန်းစား မိသားစုတွေပါ မြန်မာပြည်ရဲ့နိုင်ငံရေး စီးပွားရေး လူမှုရေးအဖက်ဖက်က ကျဆင်းမှုတွေကြောင့် မိသားစုလိုက် ထိုင်းနိုင်ငံတွင်း ရွေ့ပြောင်းလာကြပြီး ရွေ့ပြောင်းလုပ်သားကဒ်လို့ ခေါ်တဲ့ ပန်းရောင်ဘတ်ဒ်ကဒ်တွေပြုလုပ်ပြီး ရွေ့ပြောင်းနေထိုင်လာကြတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)မှ ဦးထူးချစ်က သုံးသပ်ပြောဆိုပါတယ်။

“အာဏသိမ်းမှုမတိုင်ခင်ထဲက ပြည်တွင်းက လုပ်သားတွေက ထိုင်းနိုင်ငံမှာ နေထိုင်အခြေချနေကြပြီး ရွေ့ပြောင်းအလုပ်လုပ်ကိုင်ကြတာပါ။ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ထူးခြားတာက ပြည်တွင်းက အလယ်အလတ်တန်စား မိသားစုတွေ ပါရှိတာအကုန်‌ ရောင်းချထုခွဲပြီး ဒီဘက်ကို ရွေ့ပြောင်းလာကြတာပါပဲ” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်အချိန်က မြန်မာနိုင်ငံရဲ့ လူလတ်တန်းစား လူငယ်လူရွယ်တွေဟာ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်၊ ကိုရီးယားနိုင်ငံတွေကို တရားဝင်လုပ်သားတွေအနေနဲ့ သွားရောက်လုပ်ကိုင်ကြလေ့ ရှိပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ပြည်တွင်းတင်းကြပ်တဲ့ ဥပဒေတွေ လူငယ်တွေကို အချိန်မရွေးဖမ်းဆီးနိုင်တဲ့ အခြေအနေတွေအပါအဝင် နွေဦးတော်လှန်ရေးမှာ CDM လုပ်ကြတဲ့ ဝန်ထမ်းမိသားစုတွေ၊ ဆရာဝန်၊ သတင်းမီဒီယာသမားတွေ ကျောင်းသားကျောင်းသူ အစရှိတဲ့လူတန်းစားအမျိုးမျိုးဟာ တရားဝင်လမ်းကြောင်းတွေကနေထွက်ဖို့ မဖြစ်နိုင်တဲ့အခါ အနီးစပ်ဆုံးထိုင်းနိုင်ငံကို အမျိုးမျိုးသောပုံစံတွေနဲ့ ဝင်ရောက်လာနေကြတာပါ။

၂၀၂၁ တနှစ်အတွင်း ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ရင်း ဖမ်းဆီးရမိတဲ့စာရင်းအရ မြန်မာလုပ်သား ၈ သောင်းကျော်ရှိပြီး ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ၂ သိန်းကျော် ရှိနိုင်ကြောင်း ထိုင်းအစိုးရတရားဝင်ထုတ်ပြန်ထားပါတယ်။

“ဒီထုတ်ပြန်ချက်အရ ကြည့်ရင် တရားမဝင် ဝင်ရောက်ရင်း ဖမ်းဆီးခံရတာ နှစ်နှစ်အတွင်း ဒီလောက်ရှိနေရင် တရားမဝင် ဝင်ရောက်ရင်း အဖမ်းမခံရဘဲ လွတ်မြောက်သွားသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွေ့လာသူတွေ ဘယ်လောက်တိုးလာမလဲ ခန့်မှန်းနိုင်တယ်။ ခုထိုင်းအစိုးရက လုပ်ပေးနေတဲ့ အလုပ်သမားကဒ် ပန်း‌ရောင်ဘတ်ဒ်ကဒ် အရေအတွက်ကနေလည်း နှစ်နှစ်အတွင်း မြန်မာပြည်က ဘယ်လောက်ထိုင်းကို ရောက်လဲ ခန့်မှန်းနိုင်မှာပါ။ အဲ့ဒီစာရင်းအတိအကျကိုထိုင်းက မထုတ်ပြန်သေးပါဘူး” လို့ ဦးထူးချစ်ကပြောပါတယ်။

စစ်အဏာမသိမ်းခင် ရွေ့ပြောင်းလုပ်သားအခြေအနေ

မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာသူများအနက် အများစုမှာ သာမန်ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြပြီး ၎င်းတို့မှာ မဲဆောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ အရောင်းအဝယ် လုပ်ငန်းများနှင့် အလုပ်ကြမ်းအလုပ်အများစုကို လုပ်ကိုင်ကြပါတယ်။ အဲဒီလုပ်သားတွေရဲ့အခြေခံ လစဉ်ဝင်ငွေမှာ ထိုင်းဘတ်ငွေ ၅,၀၀၀ မှ ၁၀,၀၀၀ နီးပါးရရှိတယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင်အခြေအနေမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို ကော့သောင်း ရနောင်းဝင်ပေါက်နဲ့ မြဝတီ မဲဆောက်လို နယ်စပ်နေရာဒေသတွေက ဖြတ်သန်းသွားလာတဲ့အခါ မြန်မာကျပ်ငွေ ထောင်ဂဏန်းလောက်ပဲ ကုန်ကျတယ်လို့ ဆိုကြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မတိုင်မီအရှေ့ပိုင်းကာလမှာပင် နိုင်ငံတကာ NGO/ INGO ၊ ထိုင်းနိုင်ငံတွင်း အလုပ်သမားအရေးနှင့်ပတ်သတ်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအားလုံးရဲ့ စစ်တမ်းတွေအရ ထိုင်းနိုင်ငံမှာမြန်မာ ရွေ့ပြောင်းလုပ်သား ၄ သန်းအထိရှိတယ်လို့ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ယက်(MWRN) မှ ဦးအောင်ကျော်ကဆိုပါတယ်။

အဆိုပါ စာရင်းတွေမှာ ခန့်မှန်းစာရင်းတွေသာဖြစ်ပြီး ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ မြန်မာရွေ့ပြောင်းလုပ်သားစာရင်း အရတော့ ၃. ၂ သန်းထိ ရှိနေတာပါ။

စစ်အာဏာသိမ်းပြီး ရွေ့ပြောင်းလုပ်သားအခြေအနေ

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို နည်းလမ်းအမျိုးမျိုးနဲ့ ရွေ့ပြောင်းလာကြရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ၂ နှစ်နီးပါး ကာလကြား စစ်တမ်းတွေအရ ရွေ့ပြောင်းလုပ်သား ၂ သန်းကျော်အထိ ရှိလာကြောင်း ခန့်မှန်းသုံးသပ်နိုင်တယ်ဟု  ဦးအောင်ကျော်က ဆိုပါတယ်။

အဲဒီအချက်အလက်တွေအရ အာဏာသိမ်းမှုမတိုင်ခင်နဲ့ သိမ်းပြီး နှစ်နှစ်နီးပါးကာလအတွင်း ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၆ သန်းအထိ ရှိနေပြီဖြစ်ပါတယ်။

“၂ သန်းကျော်တိုးတယ်ဆိုတာ နှစ်နှစ်တာကာလအတွင်း တရားဝင်လမ်းကြောင်း MOU က လာတာတွေကော တရားမဝင်လမ်းကြောင်းတွေကနေ အကြောင်းအမျိုးမျိုးကြောင့် ရွေ့ပြောင်းလာတဲ့သူတွေအပြင် ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိတဲ့တရားဝင်ထုတ်ပြန်တဲ့ လုပ်သားတွေပေါ်မူတည်ပြီး ရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကနေ ခန့်မှန်းသုံးသပ်ထားကြတာဖြစ်ပြီး တိကျသေချာတဲ့စာရင်းတော့ မရှိနိုင်သေးဘူး” လို့ သူကဆိုပါတယ်။

အခြေအနေအမျိုးမျိုးကြောင့် ပြောင်းရွေ့လာတဲ့ လူလတ်တန်းစား ပြောင်းရွေ့သူများမှာတော့ ယခင်အချိန်များကဲ့သို့ ထိုင်းနိုင်ငံမှာ အခြေချနေထိုင်မည့် ရွေ့ပြောင်းလုပ်သားများနဲ့မတူဘဲ မြန်မာနိုင်ငံရေး စီးပွားရေး အခြေအနေပေါ်မူတည်ပြီးပြန်သွားနိုင်သလို အခြားနိုင်ငံကိုလည်း ထပ်မံရွေ့ပြောင်းနိုင်တဲ့ အခြေအနေရှိတာကြောင့် ရွေ့ပြောင်းလုပ်သားစာရင်းထဲ ထည့်တွက်လို့မရနိုင်ကြောင်း ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသွားလို သူများအနေနဲ့ မိမိသွားရောက်မည့် ထိုင်းနိုင်ငံ တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်းအနောက်ပိုင်းနဲ့ မြို့တော် ဘန်ကောက်ထိ နေရာဒေသပေါ်မူတည်လို့ ထိုင်းဘတ်ငွေ  ၁၅,၀၀၀ မှ ၃၀,၀၀၀ အထိကုန်ကျနိုင်ပြီးအရင်ထက် ၁၀ ဆနီပါး ဈေးနှုန်းမြင့်တက်သွားတာပါ။

ဘာတွေဆက်ဖြစ်လာနိုင်မလဲ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှ ရွေ့ပြောင်းအလုပ်လုပ်ကိုင်လိုသူအများစု လူကုန်ကူးခံရမှုနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ သိသိသာသာတိုးလာခဲ့ပြီး ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံအတွင်း နယ်စပ်ဝင်ပေါက်အသီးသီးမှ တရားမဝင်ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမားများ အုံနဲ့ကျင်းနဲ့ အဖမ်းစီးခံရဆုံးနှစ် ၂ နှစ်ဖြစ်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းက ရဲစခန်း၊ လူဝင်မှုကြီကြပ်ရေးနဲ့ အချုပ်ခန်းတွေမှာ တရားမဝင် မြန်မာလုပ်သားတွေနဲ့ ပြည့်နေပြီး လူ ၄၀ လောက်သာထားတဲ့အချုပ်ခန်းက အခု လူ ၁၀၀ နီးပါး တိုးကျိတ်နေရတာတွေ ဖြစ်နေပါတယ်။ 

အာဏာသိမ်းမှုမတိုင်ခင် လွန်ခဲ့တဲ့ ၂ နှစ်နီးပါးမှာ ထိုင်းဘတ်ငွေ ၁ ဘတ်လျှင် မြန်မာကျပ်ငွေ ၄၆ ကျပ် ဝန်းကျင်ရှိခဲ့သော်လည်း ယနေ့ပေါက်ဈေးမှာ ထိုင်း ၁ ဘတ်လျင် ၈၅ ကျပ်အထိ တန်ဖိုးကျဆင်းလာပြီဖြစ်ကာ မြန်မာငွေကျပ် တသိန်းကိုယခင်က  ဘတ် ၂၅၀၀ နီးပါးရရှိခဲ့သော်လည်း ယခု ၁၂၀၀ ဘတ် ဝန်းကျင်သာ ရရှိတော့မှာဖြစ်ပါတယ်။

အခုလိုအခြေအနေတွေကြောင့် မြန်မာပြည်တွင်းမှ အလယ်အလတ်တန်းစား မိသားစုများပါ အိမ်နီးချင်းထိုင်းနိုင်ငံကို ရွေ့ပြောင်းလာကြပြီး ပြည်တွင်းမှာ တဖြေးဖြေး ကျွမ်းကျင်လုပ်သားရှားပါးမှု ပြသနာရင်ဆိုင်လာနေရပါတယ်။ 

မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်တိုင်း ထိုင်းနိုင်ငံဘက်ကို မြန်မာဒုက္ခသည်တွေ ရွေ့ပြောင်းလုပ်သားများ ရောက်ရှိလာခဲ့တာ ရာစုနှစ်နှင့်ချီ သမိုင်းကြောင်း‌တွေရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် မြန်မာပြည် မြို့ကြီးများမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာရသူများ ရှိသလို ကရင်ပြည်နယ် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံ ရာထောင်ချီ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်တဲ့ခန့်မှန်းချက်အသစ်တွေအရ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းယူပြီးနောက် ၁၈ လ ကြာကာလနဲ့ ကိုဗစ်ရောဂါဖြစ်ပွားတဲ့ တနှစ်ခွဲ ကာလတွေအတွင်း မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ဆုံးရှုံးမှုတွေ အလွန်အမင်း ကြုံတွေ့နေရကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံမှာ နိုင်ငံတစ်ဝန်း အထည်ချုပ်စက်ရုံလုပ်သား တသိန်းခွဲခန့် အလုပ်ကထုတ်ပယ် ခံထားရတယ်လို့ အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့ (ILO) က ၂၀၂၂ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားပြီး ၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံအတွင်း အမျိုးသမီး၊ အမျိုးသား အားလုံးရဲ့ အလုပ်ကိုင်အခြေအနေ ၁ ဒဿမ ၁ သန်းထိ လျော့နည်းသွားတယ်လို့ ILO က ခန့်မှန်းထားပါတယ်။

“အခုက ဘာဆက်ဖြစ်မယ်မှန်းမသိဘူး။ ပြည်တွင်းမှာလည်း ၅၀၅ နဲ့ဖမ်းနေလို့ နေလို့မရဘူး။ အခုဒီမှာလည်း လုပ်စရာအလုပ် ဘာမှမရှိသလောက်ပဲ။ ပြည်တွင်းမှာတုန်းက ထားခဲ့တဲ့အိမ်မက်တွေ မျှော်လင့်ချက်တွေလည်း အကုန်ပျက်စီးကုန်ပြီ။ ခုထိုင်းနယ်စပ်မှာ အလုပ်သမားကတ်ဒ်လုပ်ပြီး နေနေတယ်။ ရှေ့ရေးကတော့ မတွေးရဲဘူး” လို့ ကိုနောနောက ပြောပါတယ်။ 

ဘယ်လိုပဲခက်ခဲတဲ့အခြေအနေတွေ ရှိနေပေမည့်လည်း မြန်မာရွေ့ပြောင်းများစွာဟာ ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းတွေကနေ နေ့စဉ်ဝင်လာနေကြပြီး နယ်စပ်တွေကို ဖြတ်ကျော်ချိန်မှာ ဖမ်းဆီးခံရမှုတွေကလည်း နေ့စဉ်ဆိုသလို ဖြစ်ပွားနေပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10