လူသားဒိုင်းအသုံးပြုကာ စခန်းစွန့်သွားတဲ့ စစ်အုပ်စုရဲ့ စခန်းကို မီးရှို့ပြီး ရဲကားတချို့သိမ်းဆည်း

လူသားဒိုင်းအသုံးပြုကာ စခန်းစွန့်သွားတဲ့ စစ်အုပ်စုရဲ့ စခန်းကို မီးရှို့ပြီး ရဲကားတချို့သိမ်းဆည်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂၇ ရက် မနေ့က စခန်းစွန့်ခွာသွားလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ရဲစခန်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၁၂ တပ်ရင်း People's Defense Force- Gangaw ထံက သိရပါတယ်။

အင်အား ၃၀ ခန့်ရှိတဲ့ ကန်ရွာရဲစခန်းက စစ်အုပ်စုကို ဂန့်ဂေါ ခလရ ၅၀ စစ်ကြောင်းက လာရောက်ခေါ် ဆောင်သွားတာဖြစ်ပြီး ဆုတ်ခွာရာလမ်းကြောင်းတလျှောက်မှာ သံဃာ ၂ ပါးနဲ့ ပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

 "သံဃာနဲ့ပြည်သူတွေကို ရှေ့နောက် ကြားညှပ်ခေါ်လာတယ်။ အဲ့ဒါနဲ့ ကျနော်တို့ဘက်က ထောင်ထားတဲ့ မိုင်းတွေပြန်ဖြုတ်လိုက်ရတယ်။ ပစ်ဖို့ပြင်ထားတာလည်း ရပ်လိုက်ရတယ်။ မြစ်သာမြစ်ကူးပြီးမှ အရပ်သားတွေကို ပြန်လွှတ်ပေးလိုက်တာ" လို့ တပ်ရင်းတာဝန်ခံ ကိုသားဇင်က မြေလတ်အသံကို ပြောပါတယ်။

နယ်မြေရှင်းလင်းချိန်မှာ ဆုတ်ခွာသွားတဲ့စစ်ကြောင်းက စွန့်ပစ်ခဲ့တဲ့ လမ်းမလျှောက်နိုင်တဲ့ ဒဏ်ရာရ ရဲတပ်ကြပ်တဦးကို လက်နက်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုစွန့်ခွာသွားတဲ့  ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဝင်ရောက် မီးရှို့ဖျက်စီးနိုင်ခဲ့သလို ပစ္စည်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

"စခန်းထဲထောင်ထားတဲ့ နင်းမိုင်းတွေ ရှင်းလင်းရေးလုပ်ခဲ့ရတယ်။ ရဲစခန်းအဆောက်အအုံနဲ့ ဘန်ကာတွေကိုတော့မီးရှို့ဖျက်ဆီးလိုက်တယ်။ လက်တော့ပ်နဲ့ ပြုပြင်ရမယ့် ကားတွေတော့ရခဲ့တယ်" လို့ YPDF တပ်ရင်း ဥက္ကဌ ကိုယောလေးက မြေလတ်အသံကို ပြောပါတယ်။

နိုဝင်ဘာလဆန်းပိုင်းကလည်း ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရဲစခန်းက စစ်အုပ်စု မြောက်ခင်ရန်းရွာကို စခန်းစွန့်ခွာထွက်ပြေးသွားလို့ တောင်ခင်ရန်းရဲစခန်းကို PDF တွေဘက်က နယ်မြေရှင်လင်းရေးလုပ်ဆောင်ခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီတပ် #ကန်ရွာရဲစခန်း #စခန်းစွန့်ခွာ #နယ်မြေရှင်းလင်းရေး #PDF #သိမ်းဆည်းရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10