လူသွားလမ်းမှာထောင်ထားတဲ့ စစ်တပ်နင်းမိုင်းတွေကြောင့် ပြည်သူတွေထိခိုက်မှုရှိလာလို့ PDF က မိုင်းရှင်းပေး

လူသွားလမ်းမှာထောင်ထားတဲ့ စစ်တပ်နင်းမိုင်းတွေကြောင့် ပြည်သူတွေထိခိုက်မှုရှိလာလို့ PDF က မိုင်းရှင်းပေး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းက လမ်းပိုင်းတွေမှာ စစ်ကောင်စီဘက်ကထောင်ထားတဲ့ နင်းမိုင်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ - ၃ လျှပ်စီးတပ်ခွဲ တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

ချောင်းဦးမြို့နယ်အတွင်း အများပြည်သူသွားလာနေတဲ့ လမ်းနေရာတွေမှာ စစ်ကောင်စီဘက်က ထောင်ထားတဲ့ နင်းမိုင်းတွေကို ရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့ရာ စက်တင်ဘာ ၁ ရက်မှာ နင်းမိုင်း ၄ လုံးနဲ့ ၂ ရက်နေ့မှာ နင်းမိုင်း ၃ လုံး စုစုပေါင်း ၇ လုံး ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ ကားတွေ၊ ဆိုင်ကယ်တွေ သွားလို့ရတဲ့လမ်းမကြီး ၂ ခုမှာက နင်းမိုင်း ၆ လုံးနဲ့ နွားလှည်းပဲမောင်းလို့ ရတဲ့လမ်းမှာက ၁ လုံး တွေ့တယ်။ ထောင်ထားတဲ့ပုံစံက တလုံးနဲ့တလုံး ၁ ပေလောက်ပဲခွာပြီး ထောင်ထားတာ။ ပြည်သူကိုထိထိ ၊ PDF တွေပဲထိထိ ဆိုပြီးထောင်ထားတဲ့ သဘော”လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ - ၃ ရဲ့တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

စက်တင်ဘာ ၁ ရက်က ချောင်းဦးမြို့နယ်အတွင်း လမ်းပိုင်းတနေရာမှာ ဆိုင်ကယ်မောင်းသူ၊ နွားလှည်းမောင်းသူနဲ့ ကားမောင်းလာသူ အရပ်သား  ၃ ဦးတို့ဟာ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းတွေနင်းမိခဲ့လို့ အသီးသီးထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့ ဆိုပါတယ်။

“ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကတော့  စိုးရိမ်ရတဲ့ အခြေနေတော့မဟုတ်ဘူး။ သူစီးလာတဲ့ ဆိုင်ကယ်ကတော့ ပျက်စီးသွားတယ်။ အခြားပြည်သူ ၂ ဦးကလည်း သူတို့ရဲ့ ကားကတော့ ဘီးကွဲသွားတယ်။ နွားလှည်းမောင်းတဲ့ ပြည်သူကတော့ အနည်းငယ်ပဲ ဒဏ်ရာရတယ်။ နွားတကောင်ကတော့ ခြေတဖက်ပြတ်သွားတယ်”လို့ သူက ပြောပါတယ်။

ပြည်သူတွေ နင်းမိုင်းမကြာခဏ နင်းမိနေတယ်လို့ ကြားသိရပြီးတဲ့နောက် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းသွားရောက်ပြီး မိုင်းရှာဖွေရှင်းလင်းမှုတွေကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ချောင်းဦးမြို့နယ်လမ်းပိုင်းတွေမှာ မိုင်းပေါက်ကွဲမှုတွေကြောင့် လမ်းအသုံးပြုသူခရီးသွားကားနဲ့ အရပ်သားတွေမကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရမှုတွေရှိနေပြီး လက်ရှိမှာ ချောင်းဦး - မြင်းမူ ကားလမ်းမဘေးမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ချောင်းဦး #လူသွားလမ်း #စစ်ကောင်စီတပ် #နင်းမိုင်း #PDF #ရှင်းလင်းမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10