လေကြောင်းက တိုက်ခံရလို့ မြေလတ်ဒေသပြောက်ကျားအဖွဲ့ စခန်းသစ်ပြောင်းရွှေ့လိုက်ရ

လေကြောင်းက တိုက်ခံရလို့ မြေလတ်ဒေသပြောက်ကျားအဖွဲ့ စခန်းသစ်ပြောင်းရွှေ့လိုက်ရ

မကွေးတိုင်း၊ မြိုင်မြို့နယ်က မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG စခန်းအနီးတဝိုက်ကို ဧပြီ ၁၁ ရက်  ည ၁၀ နာရီကျော်မှာ စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၃၀၀ ဗုံးသီး ၂ လုံးနဲ့ လာရောက်တိုက်ခိုက်တဲ့ နောက်ပိုင်း စခန်းနေရာပြောင်းရွှေ့လိုက်ရတယ်လို့ MRG ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဲဒီနေ့က တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့လေယာဉ်ဟာ စခန်းတဝိုက်ပျံဝဲနေတာကြောင့် အခုလို စခန်းကိုစွန့်လွှတ်ပြီး နေရာပြောင်းရွှေ့လိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ စခန်းရဲ့ ပင်မအဆောက်အဦနဲ့ ထမင်းစားဆောင်အမိုးတွေ ပျက်စီးသွားခဲ့ပြီး ရဲဘော်တွေက ကတုတ်ကျင်းထဲဝင်ရောက်ပုန်းရှောင်နေတဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေမရှိပေမယ့်လည်း စခန်းမှာနေထိုင်တဲ့တောတိုက်မှ ကလေး ၂ ဦးကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG မှသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပေါင်မုန့်က ပြောပါတယ်။

“ရန်သူက နောက်ရက်တွေမှာလည်း စခန်းပေါ်ကနေ လေယာဉ်တွေဝဲနေတော့ စခန်းကို စွန့်လွှတ်ခဲ့ရတယ်။ ကျောင်းနေအရွယ် ကလေး ၂ ယောက်ကတော့ ခေါင်းကိုထိသွားတယ်။ ထိသွားတဲ့ ကလေး ၂ ယောက်ကိုလည်း ကျနော်တို့ကပဲ တာဝန်ယူပြီးဆေးကုပေးထားတယ်။ ခေါင်း ၇ ချက်ချုပ်လိုက်ရတဲ့ကလေးကတော့ ခေါင်းတွေကိုက်တုန်းပဲ ” လို့ သူက ဆိုပါတယ်။

MRG တပ်ဖွဲ့ဟာ စခန်းထဲက လိုအပ်တဲ့ အရေးကြီးတဲ့ပစ္စည်းတချို့ကိုသာယူဆောင်ပြီး အရေးမကြီးတဲ့ ပစ္စည်း တချို့နဲ့ သယ်ဆောင်ဖို့ မလွယ်ကူတဲ့ ပစ္စည်းတွေကို ချန်ထားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ နောက်ထပ် စခန်းသစ်တခု ပြန်လည်တည်ဆောက်ဖို့အတွက်လည်း ငွေရေးကြေးရေး အခက်အခဲတွေ နဲ့ ကြုံတွေ့နေရသလို စားနပ်ရိက္ခာတွေလည်း လိုအပ်တဲ့အပြင် အခုလို စခန်းကိုရွှေ့ပြောင်းရတာ ၃ ကြိမ်ခန့်ရှိပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“စားနပ်ရိက္ခာတွေက ပါတယ်ဆိုပေမဲ့လည်း စခန်းအသစ်တည်ဆောက်ရင်း ချက်ပြုတ်စားသောက်ရမှာဆိုတော့ ရေရှည်အတွက် မလွယ်ကူဘူး။ အလှူရှင်တွေလည်း လိုအပ်နေပါတယ်။” လို့ ရဲဘော်ပေါင်မုန့်က ဆိုပါတယ်။

မတ် ၁ ရက်ကလည်း မြေလတ်ဒေသပြောက်ကျားပူးပေါင်းတပ်ဖွဲ့ဟာ ပုလဲမြို့ကနေထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို  Fixed Wings အဆင့်မြင့်နည်းပညာ ဗုံးသီး နဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိသွားပါသေးတယ်။

ပုံစာ- ဧပြီ ၁၁ ရက်က စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လေယာဉ်ကျည်အပိုင်းအစတွေကို တွေ့ရစဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့ #မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့  #MRG #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10