လေကြောင်းဗုံးကြဲခံရလို့ ရွာခံ ၆ ဦးသေခဲ့တဲ့ လက်ယက်မရွာခံတွေ ကျေးရွာထဲ ပြန်မနေရဲကြသေး

လေကြောင်းဗုံးကြဲခံရလို့ ရွာခံ ၆ ဦးသေခဲ့တဲ့ လက်ယက်မရွာခံတွေ ကျေးရွာထဲ ပြန်မနေရဲကြသေး

 

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာခံ ၆ ဦးသေဆုံးခဲ့တဲ့ မြိုင်မြို့နယ်၊ လက်ယက်မရွာက ဒေသခံအများစုဟာ လေကြောင်းဗုံးကြဲခံရပြီး ၁၀ ရက်ကျော်လာတဲ့အထိ ကျေးရွာထဲ ပြန်လည်မဝင်ရဲကြသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ 

လက်ယက်မရွာသားတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကြောက်ရွံ့ပြီး ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စားဝတ်နေရေးခက်ခဲနေပေမယ့်လည်း ရွာထဲကို ပြန်လည်အခြေချနေထိုင်ဖို့ ကြောက်ရွံ့နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ယက်မရွာကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားလို့ ၆ နှစ်အရွယ် ကလေးအပါအဝင် ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသလို စာသင်ကျောင်းဆောင် ၃ ဆောင်၊ နေအိမ် ၃ လုံး၊ နွား ၇ ကောင်၊ ကား ၁ စီး ထိမှန်ပျက်စီးသွားတဲ့အတွက်ကြောင့် ဒေသခံတွေဟာ ရွာထဲမှာ မနေရဲတော့ဘဲ နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲမှာ ရှောင်တိမ်းခဲ့ကြပါတယ်။

ထွက်ပြေးတိမ်းရှောင်ပြီး  ၂ ရက်မြောက်နေ့မှာ ဒေသခံတချို့ဟာ စားဝတ်နေရေးအဆင်မပြေတဲ့အတွက် ကျေးရွာထဲ ပြန်လည်နေထိုင်ကြပေမယ့် ၉ ရက်မှာတော့ လေကြောင်းသတင်းထပ်မံကြားသိရလို့ ရွာထဲကနေ နောက်ထပ် ၂ ရက်ကြာ ထပ်မံရှောင်တိမ်းခဲ့ရတယ်လို့ သိရပါတယ်။ 

လက်ရှိမှာလည်း ဒေသခံတချို့ဟာရွာထဲပြန်လည်နေထိုင်ကြပေမယ့် လေယာဉ်သံတွေကို နားစွင့်ပြီး နေနေရသလို တချို့ကလည်း နေ့ခင်းဘက်တွေမှာသာနေပြီး ညဘက်တွေဆို တခြားကျေးရွာတွေဘက်မှာ ရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။

“နေ့ဘက်တွေဆို သူများအိမ်က အလုပ်လေးတွေ လုပ်တယ်။ ညဘက်ကျရင်တော့ ပြန်ထွက်တယ်။ ပြန်ထွက်တဲ့အထဲမှာ လက်လုပ်လက်စားသမားတွေထက် ပိုက်ဆံချမ်းသာတဲ့သူတွေပဲ ထွက်ကြတာပါ” လို့ လက်ယက်မ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ် ။ 

လက်ယက်မရွာထဲမှာ အခုလိုလေကြောင်းတိုက်ခိုက်ခံရတာ ပထမအကြိမ်အဖြစ်တဲ့အတွက် ရွာထဲမှာရှိတဲ့ ကလေး၊ လူကြီးအပါအဝင် လေယာဉ်သံတွေကြားတဲ့အခါ ကြောက်လန့်စိတ်တွေဖြစ်နေကြတယ်လို့ အထက်ပါ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ် ။

“ရွာထဲမှာ စစ်ကြောင်းကြီးကြီးမားမားထိုးတာမျိုးဆိုလို့  ၂ ကြိမ်ပဲရှိသေးတာ။ အခုလို ရုတ်တရက်ကြီး လေကြောင်းတိုက်ခိုက်ခံရတာလည်း ပထမအကြိမ်ဆိုတော့ ရွာထဲက ကလေး ၊ လူကြီးအကုန်ပါပဲ အဲဒီအသံကြားရင်ကို ထိတ်ထိတ်လန့်လန့်ဖြစ်ကုန်ကြပြီ၊ လေယာဉ်နဲ့ လာပစ်တဲ့နေ့မှာဆို တရွာလုံးခေါင်းပေါ်မှာ ပတ်ပစ်နေတာဆိုတော့ ငါတို့တော့ တလုံးမဟုတ်၊ တလုံးထိပြီး သေမှာပဲပေါ့။ ရွာသားတွေလည်း အကုန်တုန်ပြီး ကြောက်ကုန်တာ” လို့ သူက ဆိုပါတယ်။

အိမ်ခြေ ၂၀၀၀ ဝန်းကျင်ရှိတဲ့ လက်ယက်မရွာကို ပြီးခဲ့တဲ့ ၂၀၂၂ က စစ်ကောင်စီတပ်သားတွေဝင်ရောက်လာပြီး ရွာထဲက ဒေသခံ ၅ ဦးကို ဖမ်းဆီးသွားသလို ရွာသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို အကုန်ဖျက်ဆီးသွားခဲ့ပါသေးတယ်။

အလားတူ ၂၀၂၃ ကလည်း လက်ယက်မရွာက နေအိမ် ၇၀၀ ဝန်းကျင်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားတဲ့အတွက် အခုလက်ရှိအချိန်ထိ နေအိမ်တွေ မီးရှို့ခံလိုက်ရတဲ့ ဒေသခံတချို့ဟာ ထန်းလတ်အမိုးအကာတွေနဲ့ နေအိမ်တွေကို ပြန်လည်ဆောက်လုပ်နေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။

ပုံစာ- စက်တင်ဘာ ၆ ရက်က စစ်ကောင်စီလေကြောင်းဗုံးကြဲတာကြောင့် ပျက်စီးသွားတဲ့ လက်ယက်မရွာ။

စာတည်း -လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #လေကြောင်း #မြိုင်မြို့ #လက်ယက်မရွာ #ဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10