လေဖိအားနည်းရပ်ဝန်းဟာ ၂ ရက်အတွင်း မုန်တိုင်းဖြစ်နိုင်ပြီး မကွေးနဲ့ ပဲခူးတို့မှာ လေပြင်းတိုက်ပြီး မိုးကြီးနိုင်

လေဖိအားနည်းရပ်ဝန်းဟာ ၂ ရက်အတွင်း မုန်တိုင်းဖြစ်နိုင်ပြီး မကွေးနဲ့ ပဲခူးတို့မှာ လေပြင်းတိုက်ပြီး မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့  လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းကာ   မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ကြောင်း မေ ၂၂ ရက်  ဒီနေ့ ညနေ ၃ နာရီခွဲအချိန် တိုင်းတာချက်အရသိရတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့  ဇလဗေဒဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

အဲဒီ မုန်တိုင်းဟာ မေ ၂၄ ရက်မှာ ဖြစ်ပေါ်နိုင်ပြီး အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့ကာ ဆိုင်ကလုံးမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပြီး မကွေး၊ ပဲခူးအပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့မှာ လေပြင်းနဲ့အတူ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက ခန့်မှန်းထားတာပါ။

အလားတူ မိုးလေဝသသတင်းတွေကို ခန့်မှန်းပေးနေတဲ့  စုစုစံကလည်း မုန်တိုင်းဟာ မေ ၂၄ ရက်နဲ့  ၂၅ ရက်မှာ ရခိုင်ကမ်းရိုးတန်းအနီးကို ရောက်ရှိနိုင်ပြီး မုန်တိုင်းရဲ့ ညာဘက် တိုက်ခိုက် လေစီးကြောင်းတွေက ပြည်ခရိုင်နဲ့  မကွေးတိုင်းတခုလုံးကို မိုးရွာနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

အောင်လံ၊ ကမ္မ၊ မင်းတုန်း၊ ငဖဲ၊  ပဒါန်း၊ မင်းဘူး၊ စကု၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ပွင့်ဖြူ၊ ရှောက်တော၊ ကုန်းဇောင်း၊ ရေနံချောင်း၊  စလေ၊ ချောက်၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ ကန်ဇွန်းမ၊ ကန်းပြား၊ စေတုတ္တရာ၊ မုန်းဆည်၊ ကြီးအုံကြီးဝဆည်၊ မန်းဆည်နဲ့  ရွှေစက်တော် ဒေသတွေမှာ မိုးကြီးစွာ ရွာသွန်းနိုင်ပြီး မြစ်ချောင်းရေများ သတိပြုကြဖို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒါ့အပြင် အဲဒီနေ့တွေမှာပဲ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းဒေသ တောင်ငူ၊ ကျောက်ကြီး၊ နတ်သံကွင်း၊ ကညွှတ်ကွင်း၊ ညောင်ပင်သာ၊ ကျောက်တံခါး၊ ဖတို၊ ပိန်းဇလုတ်၊ ညောင်လေးပင်၊ ရွှေကျင်၊ မဒေါက်၊ ပြွန်တန်ဆာ၊ ဒိုက်ဦး၊ ဖောင်တော်သီ၊ ၊  ကဒုတ်၊ ဘုရားကြီး၊ ပဲခူး၊ သေနတ်ပင်၊ ဝေါ၊ ကဝ ဒေသတွေမှာလည်း   မိုးများစွာရွာသွန်းနိုင်ပြီး  မိုးကြီး ရေလျှံနိုင်တယ်လို့လည်း သတိပေးထားပါသေးတယ်။ 

မိုးလေဝသနဲ့  ဇလဗေဒဌာနရဲ့ နောက်  ၂ ရက်အတွက်ခန့်မှန်းချက်ချက်မှာတော့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ ဒေသအလိုက် နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ ဆိုပြီး လက်ရှိမှာ  လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့  ယင်းနဲ့  ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်  အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်းကမ်းလွန် - အင်ဒရာပရာဒေ့ရှ်  တောင်ပိုင်းကမ်းခြေတို့မှာ ဆက်လက်တည်ရှိနေတယ်လို့  သိရပါတယ်။ 

ပုံစာ - ဘင်္ဂလားပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့  လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပုံ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ဘင်္ဂလားပင်လယ် #လေဖိအားနည်းရပ်ဝန်း #မုန်တိုင်း #မိုးလေဝသ #သဘာဝပတ်ဝန်းကျင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10