လောင်းကစားဒိုင်အိမ်ကို ပစ်တဲ့ကျည်က ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေပေါ်ကျလို့  ၂ ဦးဒဏ်ရာရ

လောင်းကစားဒိုင်အိမ်ကို ပစ်တဲ့ကျည်က ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေပေါ်ကျလို့ ၂ ဦးဒဏ်ရာရ

ပဲခူတိုင်းအနောက်ခြမ်း၊ အုပ်ဖိုမြို့နယ်မှာ လောင်းကစားဒိုင်နေအိမ်ကို ပစ်ခတ်တဲ့ ၄၀ မမကျည်က အနီးရှိ ကင်းပုန်းဝတ်နေတဲ့ စစ်သားတွေဆီ ကျရောက်ခဲ့တာကြောင့် ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

အုပ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာက လောင်းကစားဒိုင်ပြုလုပ်တဲ့ ကိုဖိုးသဲ နေအိမ်ကို မတ်လ ၂၀ ရက် မနက်အစောပိုင်းမှာ ၄၀ မမနဲ့ပစ်ခတ်ချိန် အနီးရှိစာသင်ကျောင်းဝန်းထဲကို ကျရောက်ခဲ့ရာ အဲ့ဒီနေရာမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကို ထိမှန်ခဲ့တာလို့ အမှတ် ၂၊ ၃၈၀၂ တပ်ရင်းတပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုပ်ဖို)မှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။


"ဖိုးသဲက ချဲဒိုင်လုပ်တယ်။ လောင်းကစားဝိုင်းတွေလည်း ထောင်ပြီးတော့ စစ်ကောင်စီကို ငွေရှာပေးနေတာ။ အဲဒါကြောင့် သတိပေးတဲ့အနေနဲ့ ပစ်ခတ်ခဲ့တာ။ ကံဆိုးချင်တော့ ဖိုးသဲအိမ်နားက စာသင်ကျောင်းနောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေဆီကို ၄၀ မမတလုံးကျပြီး ၂ ဦး ဒဏ်ရာရသွားတာ" လို့ ပြောပါတယ်။

ကိုဖိုးသဲဟာ လောင်းကစားဒိုင်တဦးဖြစ်ကာ ပျူစောထီးခေါင်းဆောင် လုပ်နေသူလည်း ဖြစ်ပြီး စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ကာ ငွေရှာပေးနေသူဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မနက်မှာပဲ အုပ်ဖိုမြို့နယ်၊ အောက်ကိုင်းအုပ်စုက လောင်းကစားဝိုင်း ထောင်ထားတဲ့ အုပ်ချုပ်ရေးမှူး ကိုကြည်မြင့် အိမ်ကိုလည်း သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ရာ ထွက်ပြေးသွားခဲ့လို့ ကျည်ထိမှန်မှု ရှိ၊ မရှိကို သေချာမသိရဘူးလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုပ်ဖို)မှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုံစာ - မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုပ်ဖို) တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10