လျှပ်စစ်ဓါတ်အားတိုင်တွေကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြီး ၅ ရက်ကြာသည်ထိ မီးမလင်းသေး

လျှပ်စစ်ဓါတ်အားတိုင်တွေကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြီး ၅ ရက်ကြာသည်ထိ မီးမလင်းသေး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ကျေးရွာတွေကို လျှပ်စစ်မီးပေးနေတဲ့ လျှပ်စစ်ဓာတ်အားတိုင်တွေကို စစ်ကောင်စီစစ်ကြောင်းက မိုင်းခွဲဖျက်ဆီးခဲ့လို့ ၅ ရက်ကြာသည်အထိ လျှပ်စစ်မီးမလင်းသေးဘူးလို့ မိုးဒါးတိုက်နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံဆီက သိရပါတယ်။ 

ကချင်ပြည်နယ် ရွှေကူမြို့နဲ့အစပ် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ချောင်းဝရွာအနီးက 11 KVA လျှပ်စစ်ဓာတ်တိုင် ၆ တိုင်ကို အမှတ် ၃၁၇ တပ်က အင်အား ၇၀ လောက်နဲ့ စက်တင်ဘာလ ၂၆ ရက်က ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီလိုဖျက်ဆီးခဲ့လို့ ကသာမြို့နယ်ထဲက ချောင်းဝ၊ မိုးတားကြီး၊ မြေနု၊ မိုးတားလေး၊ ရွှေပြည်သစ်၊ မဲဟင်း၊ မင်းလယ်၊ ခတက်ချောင်၊ မင်္ဂလသုခ၊ သာစည်၊ နလယ်အင်း၊ ပေါမနဲ့ နတ်လှိုင်ကျေးရွာတွေမှာ စက်တင်ဘာလ ၃၀ ရက် ဒီနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ပြောပါတယ်။

”အခုလိုဖျက်စီးတာဟာ  ပြည်သူကမီးသုံးနေပြီး မီတာကောက်ခံခွင့်မရလို့လား ဒီအပေါ်မှာမကျေနပ်တာလားပေါ့။  ပြည်သူကိုနည်းမျိုးစုံနဲဒုက္ခပေးတာ ပြည်သူအပေါ်ကို ယုတ်မာတာလို့မြင်တယ်။" လို့ ဒုတာဝန်ခံ အိန်ဂျလာက ပြောပါတယ်။ 

လျှပ်စစ်မီးဖြတ်တောက်ခံရလို့ ဒေသခံတွေဟာ ချက်ပြုတ်စားသောက်တာ လျှပ်စစ်မီးကိုအမီပြုရောင်းချနေတဲ့ ဈေးဆိုင်တွေ အခက်အခဲကြုံရသလို ဖုန်းအားသွင်းတာက အစ ခက်ခဲကုန်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီစစ်‌ကြောင်းဟာ ချောင်းဝရွာနဲ့ကပ်လျက်ရှိတဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ် မင်းကျောင်းကုန်းရွာ ဘုန်းကြီးကျောင်းမှာ  တပ်စွဲနေလို့ ပျက်စီးနေတဲ့ လျှပ်စစ်ဓါတ်အားတိုင်တွေကို ပြုပြင်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

 အဲဒီကျေးရွာတွေကို လျှပ်စစ်မီးအသုံးပြုခွင့်မရအောင် စစ်ကောင်စီတပ်က မကြာခဏဖျက်ဆီးလေ့ရှိပြီး ပြီးခဲ့တဲ့ ဩဂုတ်လကလည်း လျှပ်စစ်မီကြိုးတွေကိုဖျက်စီးခဲ့လို့  NUG အစိုးရလက်အောက်ခံ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြုပြင်ခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #လျှပ်စစ်မီး #ဓါတ်အားပေးတိုင် #စစ်ကိုင်းတိုင်း #ကသာ #စစ်ကောင်စီ #ဖျက်ဆီး #ပအဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10