လျှပ်စစ်မီးမကြာခဏပျက်တဲ့ ပဲခူးအနောက်ခြမ်းမှာ လျှပ်စစ်မီးကြိုးတွေ ပေထောင်ချီပြီး အခိုးခံနေရ

လျှပ်စစ်မီးမကြာခဏပျက်တဲ့ ပဲခူးအနောက်ခြမ်းမှာ လျှပ်စစ်မီးကြိုးတွေ ပေထောင်ချီပြီး အခိုးခံနေရ

ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တချို့က လျှပ်စစ်ဓာတ်အား ပို့လွှတ်တဲ့ ကြေးကြိုးတွေ ဖြတ်တောက်ခိုးယူခံနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

ပန်းတောင်းမြို့မှာ မေ ၂၆ ရက်က ခိုးခံရတာဖြစ်ပြီး သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့မှာလည်း အခုလလယ်ပိုင်းလောက်မှာ လျှပ်စစ်ဓာတ်အားကြိုးများ ခိုးယူခံရတာလို့  ဆိုပါတယ်။

ပန်းတောင်းမြို့မှာ ခိုးယူခံရတဲ့ လျှပ်စစ်ကြေးကြိုးဟာ ပေ ၉၅၀ ကျော်ရှိကာ ဆင်မြီးဆွဲမြို့က လျှပ်စစ်ဓာတ်အား ကြေးကြိုးတွေကတော့ ပေ ၁,၀၀၀ ကျော်အထိ ခိုးယူခံလိုက်ရတာဖြစ်ပါတယ်။ 

“ဒီကောင်(သူခိုး)တွေမှာ တိုင်တက်တဲ့ ဖိနပ်တွေလည်း ပါတယ်။ သူခိုးတွေက အုပ်စုဖွဲ့  လှည့်ပတ်ခိုးနေတာ ဖြစ်ဖို့များတယ်။ သူတို့နဲ့ ပါဝင်ပတ်သက်သူတွေနေတဲ့ မြို့ကိုတော့ သဲလွန်စတွေ ရထားတယ်။ ဒါပေမဲ့ ဖမ်းလို့တော့ မမိသေးဘူး။ မီးကလည်း ပုံမှန်ရယ် မဟုတ်ဘူး။ လာလိုက်ပျက်လိုက်ဖြစ်နေတော့ သူခိုးတွေ အလုပ်ဖြစ်နေတာပေါ့ ” လို့  ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

ပန်းတောင်းမြို့နယ်မှာ ခိုးယူခံရတဲ့ ကြေးကြိုးဟာ နံပတ် ၄ ဆိုဒ် ဖြစ်ပြီး အလေးချိန် ပေါင် ၁၆၀ ခန့်ရှိကာ တပေါင်တန်ဖိုး ကျပ် ၂၇,၀၀၀ ရှိပြီး  ကာလတန်ဖိုး ကျပ် ၄၃ သိန်းကျော်တန်ဖိုးရှိကာ ဆင်မြီးဆွဲမြို့က လျှပ်စစ်ကြေးကြိုးက‌တော့ အရွယ်အစား မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

ပန်းတောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကို ဖြတ်တောက်ခိုးယူခံရတဲ့ လျှပ်စစ်မီးကြိုးတွေ ပြန်လည်တပ်ဆင်နိုင်ခြင်း ရှိ မရှိ မေးမြန်းဖို့  တယ်လီဖုန်းနဲ့  မြေလတ်အသံသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလဝန်းကျင်ကလည်း သဲကုန်းမြို့လျှပ်စစ်က လျှပ်စစ်ဓါတ်အားကြိုးတွေလည်း  ဖြတ်တောက်ခိုးယူခံရပါသေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပုံစာ - ပန်းတောင်းမြို့နယ်က လျှပ်စစ်ဓါတ်အားတိုင်ကို ပြုပြင်နေမှုမြင်ကွင်း(ပုံဟောင်း)

#မြေလတ်အသံ

#ပဲခူးတိုင်း #လျှပ်စစ် #ကြေးကြိုး #ခိုးယူ #ရဲတပ်ဖွဲ့ #ပန်းတောင်းမြို့ #သဲကုန်း #ဆင်မြီးဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10