လွတ်ငြိမ်းစာရင်းဝင် ပြည်သူ့လွှတ်တော်အမတ်ကို အမှုထပ်ဖွင့်ပြီး ထောင်ပြန်ချ

လွတ်ငြိမ်းစာရင်းဝင် ပြည်သူ့လွှတ်တော်အမတ်ကို အမှုထပ်ဖွင့်ပြီး ထောင်ပြန်ချ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီထောင်ကနေ လွတ်ငြိမ်းစာရင်းမှာပါဝင်တဲ့ ပြည်သူ့ လွှတ်တော်အမတ်ကို စစ်ကောင်စီက အိမ်ပြန်မလွှတ်ပဲ ဇန်နဝါရီလ ၈ ရက် မနေ့ ညနေက ထပ်မံအမှုဖွင့်ပြီး ထောင်ထဲကို ပြန်ထည့်ခဲ့တယ်လို့ သာယာဝတီမြိုခံတဦးဆီက သိရပါတယ်။

သာယာဝတီမြို့နယ် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်က လွတ်ငြိမ်းစာရင်းမှာ ပါဝင်ခဲ့ပေမယ့် အိမ်ပြန်ခွင့်မရပဲ ထောင်မှူးက တဆင့် သာယာဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး လက်ကိုလွှဲပြီး ရဲစခန်းမှာချုပ်နှောင်ကာ ခြေချုပ်မှုနဲ့ ထပ်မံအမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

“မတရားသင်းဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ အမှုထပ်ဖွင့်ပြီး မနေ့ညနေကပဲ သာယာဝတီထောင်ကို ပြန်ပို့လိုက်ပြီလို့ သိရတယ်။ အခုဖွင့်တဲ့အမှုကလည်း ထောင် ၂ နှစ်ချမှတ်နိုင်တယ်လို့ ပြောတယ်။ ထောင်ထဲမှာပဲ အမှုဆက်ရင်ဆိုင်ရမယ်ထင်တယ်” လို့ သာယာဝတီမြို့ခံတဦးက ပြောပါတယ်။

ဦးအောင်မြင့်ကို ဇန်နဝါရီ ၄ ရက် ထောင်ကထုတ်ပြီး သာယာဝတီရဲစခန်းမှာ ချုပ်ထားတဲ့ ရက်တွေမှာလည်း မိသားစုနဲ့ တွေ့ခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

ဦးအောင်မြင့်ကို ပြန်မလွှတ်ဘဲ အခုလို တရားထပ်စွဲတာနဲ့ပတ်သက်ပြီး သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ဦးဂျာလေးက “အဓိက စစ်ကောင်စီက လူလည်လုပ်တာပေါ့။ ဒေါက်တာဝင်းမြတ်အေးတို့လို ထောင်ကလွတ်တာနဲ့ ထွက်ပြေးသွားပြီးတော့ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်နဲ့ အင်အားတခုတိုးသွားမှာကို ကြောက်တာ"လို့ ပြောပါတယ်။

ဦးအောင်မြင့်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ သဘာ၀ဘေးဥပဒေပုဒ်မ ၂၅ နဲ့ဖမ်းပြီး သာယာဝတီထောင်တွင်းတရားရုံးက ထောင် ၂နှ စ်ချမှတ်ခဲ့တာပါ။ 

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ လွတ်ရက်စေ့ပေမယ့် နေအိမ်ကိုပြန်ခွင့်မရဘဲ သာယာဝတီထောင်တွင်း တရားရုံးကိုခေါ်ကာ ပုဒ်မ ၅၀၅ ကနဲ့ ထပ်တိုးတရားစွဲပြီး နိုဝင်ဘာလ ၁၂ ရက်မှာ ထောင် ၁ နှစ်ခွဲ ချခံခဲ့ရတာ ဖြစ်ပါတယ်။  

ဦးအောင်မြင့်ဟာ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်နဲ့ အရံဗဟိအလုပ် အမှုဆောင်ဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ သာယာဝတီမြို့နယ် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂ ကြိမ်တိုင် အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီက အကျဥ်းသားတွေကို ပြန်လွှတ်ပြီးပြန်ဖမ်းတာဟာ ဥပဒေကို အလွဲသုံးစား လုပ်တာဖြစ်သလို ဥပဒေကန့်သတ်ချက်တွေကိုကျော်ပြီး လူပုဂ္ဂိုလ်အပေါ် အငြိုးအတေးထားပြီး တရားစွဲဆိုတဲ့ သဘောသာဖြစ်တယ်လို့ တရားလွတ်တော်ရှေ့နေ စောဘဦးလေးက ကောက်ချက်ချပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #လွတ်ငြိမ်း #လွတ်တော်အမတ် #ထောင်ပြန်ချ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10