လှည့်ကင်းသိမ်းပြီးပြန်လာတဲ့ ရဲဘော် ၃ ဦးကို စစ်တပ်ကသတ်ခဲ့

လှည့်ကင်းသိမ်းပြီးပြန်လာတဲ့ ရဲဘော် ၃ ဦးကို စစ်တပ်ကသတ်ခဲ့

စစ်ကိုင်းတိုင်းအခြေစိုက်၊ စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း  MSPDF တပ်ဖွဲ့မှ ရဲဘော် ၃ ဦးဟာ လှည့်ကင်းသိမ်းပြီး ပြန်လာချိန် စစ်ကောင်စီတပ်ဖွဲ့နဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ Myaung Special People Defence Force - MSPDF တပ်ဖွဲ့ဆီက သိရပါတယ်။

မတ် ၁ ရက် မနက်စောစော ၂ နာရီကျော်လောက်မှာ မြောင်မြို့နယ်၊ မကျီးကန်ရွာထဲကို လှည့်ကင်းသိမ်းပြီးပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ် ရဲဘော် ဒန်အိုး(ခ)နေဇော်အောင်၊ အသက် ၂၀ နှစ်အရွယ် ရဲဘော် ဗြေလုံး(ခ)ဇော်ရတနာပိုင်ထွေး၊ အသက် ၁၅ နှစ်အရွယ် ရဲဘော် ကြက်ဖြူ (ခ) တင်မျိုးအောင် တို့ကို ကန်နီရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားအင်အား ၅၀ ဝန်းကျင်က ရွာမြောက်ဘက်ကနေဝင်လာပြီး ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

“ မကျီးကန်မှာက ရဲဘော် ၆ ဦးရှိတယ်။ ၃ ဦးကရှေ့ကင်း၊ သူတို့ ၃ ဦးက ကင်းချိန်ပြီးတော့ ပြန်နားတဲ့အချိန် **တွေက လုံး၀မထင်မှတ်ထားတဲ့ လမ်းကနေဝင်လာပြီး ပစ်သတ်သွားတာ။ အဲ့ဒီရဲဘော် ၃ ဦးထဲမှာ တယောက်က နေမကောင်းဖြစ်နေတာ ကြာပြီ။ သူ့ကိုစောင့်ရင်း ပြန်လာတဲ့အချိန် အခုလိုဖြစ်သွားတာ”လို့ MSPDF မှပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရဲဘော်ဒန်အိုး၏ အလောင်း။
ရဲဘော်ဒန်အိုး

သေဆုံးတဲ့ ရဲဘော် ၃ ဦးထဲမှ ရဲဘော်ကြက်ဖြူ (ခ) တင်မျိုးအောင်ဟာ အသက် ၁၅ နှစ်ပြည့်တာ ၂ လခန့်သာ ရှိသေးတယ်လို့ ဆိုပါတယ်။

အဆိုပါရဲဘော် ၃ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတပ်သားတွေက ညှင်းပန်းနှိပ်စက်တာပြုလုပ်ပြီးမှ ဦးခေါင်းကိုသေနတ်နဲ့ ပစ်သတ်သွားတာပါ။ 

"ရဲဘော်လေးတွေကို ရိုက်နှက်ထားတယ်။ သူတို့ရဲ့ခြေထောက်တွေ ခန္ခာကိုယ်တွေ မျက်နှာမှာတွေရောပဲ ရိုက်နှက်ထားတယ်" လို့ အထက်ပါတာ၀န်ခံက ဆက်ပြောပါတယ်။ 

ရဲဘော်ဗြေလုံး၏ အလောင်း။
ရဲဘော်ဗြေလုံး

စစ်အုပ်စုဟာ ရွာထဲကပြန်ထွက်လာချိန် မကျီးကန်ရွာသား အမျိုးသား ၁၀ ဦးကိုလည်း ကန်နီရွာထဲကို ဓားစားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုတော့ပြန်လွတ်လာပြီလို့ ဆိုပါတယ်။

“ရွာသား ၉ ယောက်ကိုတော့ သူတို့ရွာထဲရောက်တာနဲ့ ပြန်လွှတ်လိုက်တယ်။ ကျန်တယောက်ကိုတော့ ကြာမှ ပြန်လွှတ်ပေးတယ်။  ” လို့ သူက ပြောပါတယ်။

မကျီးကန်ရွာနဲ့ ကျောက်ရစ်ရွာဟာ အကွာအဝေး ၄ မိုင်လောက်ရှိပြီး ကျောက်ရစ်ရွာဟာ မကျီးကန်ရွာရဲ့တောင်ဘက်မှာရှိတာပါ။

ရဲဘော် ၃ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတပ်သားတွေက မကျီးကန်ရွာလယ်ထဲမှာ သတ်ဖြတ်ခဲ့ပြီး ရဲဘော်တွေဆီကနေ မောင်းပြန် ၁ လက်၊ လက်လုပ်ရိုင်ဖယ် ၁ လက်၊ ကျည် ၁၂၃ တောင့်၊ လက်ဗစ်ဗုံး ၂ လုံးနဲ့ MSPDF အလံတို့ကို ယူသွားတယ်လို့လည်းဆိုပါတယ်။

ရဲဘော်ကြက်ဖြူ၏ အလောင်း။
ရဲဘော်ကြက်ဖြူ

ရဲဘော်တွေရဲ့ ရုပ်အလောင်းကို သူတို့နေထိုင်ရာ ကျေးရွာတွေဆီကို အပ်နှင်းခဲ့ပြီး မနေ့က နေ့လယ်လောက်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ဆိုပါတယ်။ 

MSPDF တပ်ဖွဲ့မှာ အခုလို စစ်ကောင်စီဖမ်းဆီးမှုကြောင့် သတ်ဖြတ်ခံရသူရဲဘော် ၅ ဦးခန့်ရှိပြီလို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #MSPDF #ရဲဘော်အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10