လှတောရွာက ပကဖ ရဲဘော်တဦး ပစ်ခတ်ခံရပြီး သေဆုံး

လှတောရွာက ပကဖ ရဲဘော်တဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦး စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။  

သြဂုတ်လ ၂၉ ရက်ဒီမနက် ၄ နာရီလောက်က လှတောရွာထဲရှိ ရွှေမှုံတောဘုရားဝန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ အခြေအနေကိုစုံစမ်းဖို့သွားတဲ့ ပကဖအဖွဲ့ဝင် ၃၃ နှစ်အရွယ် ကိုအောင်နိုင်ဝင်းနဲ့  ၂၉ နှစ်အရွယ် ကိုဦးတို့ကို ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ကိုဦး က ပွဲချင်းပြီးသေဆုံးခဲ့ကာ ကိုအောင်နိုင်ဝင်းကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

မနက်က စခန်းကနေ ရဲဘော်တွေက အဲဒီဘက်ကို သေနတ် ၄ ချက်ပစ်ဖောက်လိုက်တယ်။ သူတို့ဘက်က ပြန်လည်ပစ်တာမရှိတော့ အဲဒီနေရာမှာ မရှိတော့ဘူးဆိုပြီးသွားတာ။ ဘုရားဝန်းရှေ့မှာရှိတဲ့ တံတားပေါ်အရောက်မှာတော့ အပစ်ခံလိုက်ရတယ် လို့ လှတောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

ကိုအောင်နိုင်ဝင်းကိုတော့ ဆေးကုသမှု ပြုလုပ်ပေးနေပြီး ကိုဦး ရဲ့ ရုပ်အလောင်းကိုတော့ ပြန်လည်ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။  

အောင်နိုင်ဝင်းက ကျော၊ပေါင် နဲ့ ဗိုက်ကိုထိတယ်။ မနက်က အပစ်ခံလိုက်ရတော့ ရေထဲကျသွားတယ်။ အဲဒီကနေ မျှောသွားပြီး ရွာသားတယောက်ရဲ့ တဲဆီရောက်သွားတယ်။ အဲဒီကနေ ကျနော်တို့ကို ဖုန်းဆက်လာတော့ ကျနော်တို့ သွားပြန်ခေါ်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အင်အား ၈၀ ဝန်းကျင်နဲ့ သြဂုတ်လ ၂၈ ရက် မနေ့ကမနက် ၃ နာရီလောက်ကတည်းက လှတောရွာထဲကို ဝင်ရောက် စခန်းချခဲ့တာဖြစ်ပြီး ဒီမနက်အစောပိုင်းမှာတော့ စစ်ကြောင်း ၂ ဖွဲ့ခွဲကာ ၁ ဖွဲ့က လှတောရွာနဲ့ ၅ မိုင်အကွာရှိ ရွာသာကြီးရွာထဲကို ဝင်သွားပြီး ကျန်အဖွဲ့ကတော့ ရွှေမှုံတောဘုရားဝန်းမှာ ကပ်ပုန်းဝပ်ကျန်ခဲ့တာလည်း ဖြစ်ပါတယ်။   

ဒါအပြင် ကင်းပုန်းဝပ်ကျန်ခဲ့တဲ့ စစ်သားတွေဟာ မိုးလင်းပိုင်းမှာတော့ ရွာသားတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ဖမ်းဆီးစားသောက်နေသလို နေအိမ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်ထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါ စစ်အုပ်စုဟာ သြဂုတ်လ ၂၆ ရက်ကလည်း ကျီးကန်းမြောက်ရွာနဲ့ တောင်ရွာက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို စစ်ကြောင်းထိုးရင်း သတ်ဖြတ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။  

စာတည်း - လင်း  

#မြေလတ်အသံ 

#စစ်ကိုင်း #ရွှေဘို #လှတော #ပကဖရဲဘော် #သေဆုံး #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10