လှတောရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေက ဒရုန်းနဲ့ တိုက်ခိုက်

လှတောရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေက ဒရုန်းနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ၊လှတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

 ရွှေဘိုမြို့ပေါ်ကနေ နိုဝင်ဘာ ၂၃ ရက်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လှတောကျေးရွာနဲ့ ရဲစခန်းတွေမှာ တပ်စွဲထားတာ ၄ ရက်မြောက်တဲ့နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Shar Htoo WAW နည်းပညာ မောင်းသူမဲ့လေယာဉ် ၄ စီး ဗုံးသီး ၇ လုံး နဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရွှေပန်းကုံးရဲစခန်းကို ပြန်လည်သိမ်းယူဖို့ ကြိုးစားနေရာမှာ အခုလို ဒေသကာကွယ်ရေးတပ်တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခံနေရတာဖြစ် ပါတယ်။ 

“ဒရုန်းနဲ့ချတာက သူတို့အထိုင်နေရာစခန်းနဲ့ စိုက်ပျိုးရေးရုံးပတ်ပတ်လည်ကို တချိန်တည်းမှာပဲချခဲ့တာ။ သူတို့ ဘက်က ထိခိုက်မှုတွေရှိလို့ ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တာ” လို့ Special Drone Force (PGZ) တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာထဲကနေ လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ကျေးရွာထဲမှာပဲ ဆက်လက်ရှိနေကာ ရွာသားတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကြတယ်လို့ သိရပါတယ်။ 

အခုလိုကျေးရွာထဲမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့အတွက် လှတောကျေးရွာ အပါအဝင် ကျေးရွာ ၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကို Special Drone Force (PGZ)၊ ဗိုလ်ချုပ်ဝက်လက်အဖွဲ့နဲ့ နယ်စည်းမခြား ဗိုလ်ပျံလွှားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #လှတောရွာ #စစ်ကောင်စီ #PDF #ဒရုန်း ဗုံးကြဲ #PGZ #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10