ဝက်ထီးကန်တိုက်ပွဲမှာသေဆုံးတဲ့ ‌ပေါင်းတည်ရဲစခန်းက ဒုရဲအုပ် ငြိမ်းလင်းအောင်ကို မီးသင်္ဂြိုဟ်

ဝက်ထီးကန်တိုက်ပွဲမှာသေဆုံးတဲ့ ‌ပေါင်းတည်ရဲစခန်းက ဒုရဲအုပ် ငြိမ်းလင်းအောင်ကို မီးသင်္ဂြိုဟ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်နဲ့ မကွေးတိုင်း၊ အောင်လံမြို့နယ်အစပ် ဝက်ထီးကန်တိုက်ပွဲမှာ သေဆုံးတဲ့ ပေါင်းတည်ရဲစခန်းက ဒုရဲအုပ်ကို သူ့ရဲ့မူလတာဝန်ကျရာ ပေါင်းတည်မြို့မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့  မြို့ခံတဦးဆီက သိရပါတယ်။

သေဆုံးတဲ့ရဲဟာ ပေါင်းတည်မြို့မရဲစခန်းက အသက် ၃၀ နှစ်ကျော်အရွယ် ဒုရဲအုပ် ငြိမ်းလင်းအောင် ဖြစ်ပြီး ဩဂုတ် ၂၄ ရက် ဒီနေ့မွန်းလွဲ ၁ နာရီခွဲခန့်မှာ ပေါင်းတည်မြို့၊ တောင်သုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့တာဖြစ်ကာ မြို့ခံရဲတပ်ဖွဲ့ဝင် ၂၀ ဦးခန့်က ယူနီဖောင်းတွေဝတ်ကာ လိုက်ပါပို့ဆောင်တယ်လို့ ဆိုပါတယ်။

“တမြို့နယ်ကို နှစ်ယောက်ဆိုပြီး (ပေါင်းတည်ကနေ) ဝက်ထီးကန်ကို တွဲဘက်တာဝန်ကျရင်း တိုက်ပွဲမှာ သေတာ” လို့  မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်းက ဝက်ထီးကန်တိုက်နယ်နဲ့ ၆ မိုင်အကွာ ကံကြီးကုန်းအုပ်စု၊ ဝိုင်းချောင်းကျေးရွာအနီး စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့ကာ သေဆုံးသူတွေထဲ ဒုရဲအုပ် ငြိမ်းလင်းအောင်လည်း ပါဝင်ခဲ့တာပါ။

တိုက်ပွဲအတွင်း သေဆုံးဒုရဲအုပ်အလောင်းဟာ ပြည်မြို့ အမှတ် ၁၆ စစ်ဆေးရုံ(ကုတင် ၁၀၀)ကတဆင့် ဩဂုတ် ၂၃ ရက် မနေ့ မနက် ပေါင်းတည်ဆေးရုံ ရင်ခွဲရုံကို ရောက်လာတာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၂၄ ရက်မှာ မီးသင်္ဂြိုဟ်ခဲ့တာလို့ သိရပါတယ်။

နောက်ထပ် ပေါင်းတည်မြို့ခံအမျိုးသမီးတဦးကလည်း သေဆုံး ဒုရဲအုပ်ဟာ ပေါင်းတည်မြို့သားမဟုတ်ဘဲ အိမ်ထောင်မရှိသူ လူပျိုဖြစ်ကာ လာမယ့်သီတင်းကျွတ်မှာ အိမ်ထောင်ပြုဖို့ စီစဉ်ထားသူဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့က ဒုရဲအုပ် ရဲနိုင်ဟာလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်ခြားစောင့်ရဲတပ်ရင်းကို လွန်ခဲ့တဲ့ နှစ်နှစ်ခွဲခန့်ကပို့ဆောင်ခံရပြီးနောက် ပြီးခဲ့တဲ့ ဇွန် ၄ ရက်က အာရက္ခတပ်တော်(AA)ကပစ်တဲ့ စနိုက်ပါ ဝဲဘက်ရင်အုံကိုကျည်ထိကာ သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ဆိုင်ကယ်ဖမ်းဆီးနေသည့် ပေါင်းတည်ရဲတပ်ဖွဲ့ဝင်များ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ဝက်ထီးကန်တိုက်ပွဲ #ပေါင်းတည် #ဒုရဲအုပ် #သေဆုံး #သင်္ဂြိုဟ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10