ဝက်ထီးကန်မှာ စစ်တပ်ကစိုက်ခိုင်းတဲ့ စီမံကိန်းဝင် နွေစပါးကွင်း ရေမရလို့ အရင်းဆုံးမယ့်အခြေနေကို တောင်သူတွေ ရင်ဆိုင်နေရ

ဝက်ထီးကန်မှာ စစ်တပ်ကစိုက်ခိုင်းတဲ့ စီမံကိန်းဝင် နွေစပါးကွင်း ရေမရလို့ အရင်းဆုံးမယ့်အခြေနေကို တောင်သူတွေ ရင်ဆိုင်နေရ

 ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ထဲက စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဌာနက စိုက်ပျိုးခိုင်းတဲ့ စီမံကိန်းဝင် နွေစပါးစိုက်ခင်းတွေမှာ ဆည်ရေလုံလောက်စွာ မရတာကြောင့် စပါးခင်းတွေ ပျက်စီးပြီး စိုက်ပျိုးစရိတ်ဆုံးမယ့် အခြေနေကို တောာင်သူတွေရင်ဆိုင်နေကြရတယ်လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

ဝက်ထီးကန်တိုက်နယ်၊ သစ်ချိုပင်အုပ်စုထဲက နွေစပါးစိုက်ခင်း ဧက ၅၀ ကျော်မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်ကတည်းက ဆည်ရေမရရှိတာလို့ ဆိုပါတယ်။

အဲဒီလယ်တွေဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလဝက်က မြောက်နဝင်းဆည်ရေကို အသုံးပြုကာ ကြဲခင်းစနစ်နဲ့ စပါးစိုက်ပျိုးခဲ့တာလို့ သိရပါတယ်။ 

“စိုက်ရက်က တလဝန်းကျင်ရှိနေပြီ။ ရေမရှိတော့ အပူရှိန်နဲ့ အပင်တွေ နွမ်းနေပြီ။ ဆည်ရေသာ ဆက်မရရင် စိုက်ပျိုးစရိတ်ဆုံးပြီပေါ့“ လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

ဆည်ရေအား နည်းတာကြောင့် ဆည်မြောင်းနဲ့နီးတဲ့ လယ်ကွင်းတွေသာ ဆည်ရေရပြီး ဆည်မြောင်းနဲ့ ဝေးတဲ့ လယ်ကွင်းတွေမှာ ရေမရရှိတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အရင်နှစ်တွေက နွေစပါးစိုက်ပျိုးရန် ဆည်ရေလုံလုံလောက်လောက်ရရှိပေမယ့် ဒီနှစ်ထဲမှာ အခုလိုဖြစ်လာတာလို့ ဆိုပါတယ်။

အဲဒီလယ်ကွင်းတွေဟာ အခုလို ဆည်ရေလုံလုံလောက်လောက်မရနိုင်တာကြောင့် တောင်သူတွေအနေနဲ့ ပဲစိုက်ပျိုးချင်သော်လည်း နွေစပါးစီမံကိန်းဝင်လယ်ကွင်းတွေဖြစ်လို့ နွေစပါးကို မဖြစ်မနေစိုက်ပျိုးပေးရတာဖြစ်တယ် လို့ ဒေသခံတွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဆောင်းရာသီကလည်း တောင်သူတွေဟာ မတ်ပဲစိုက်ပျိုးချင်ပေမယ့် စိုက်ခွင့်မရဘဲ စပါးကိုသာ စိုက်ပျိုးခဲ့ရတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ ထွန်ယက်စိုက်ပျိုးစရိတ်၊ မျိုးစပါးဖိုးနဲ့ အထွေ‌ထွေစရိတ်အပြင် လုပ်သားခတွေအပါ နွေစပါး တဧကကို ပျှမ်းမျှ ကျပ်နှစ်သိန်းဝန်းကျင် ကုန်ကျစရိတ် ရှိနေတယ်လို့  ပြောပါတယ်။

အဲဒီလယ်တွေဟာ စိုက်ပျိုးရေ လုံလောက်အောင်ရရှိပါက နှစ်စဉ် တဧကကို ပျမ်းမျှ နွေစပါး တင်း ၁၂၀ ဝန်းကျင် ထွက်ရှိတယ်လို့  ပြောပါတယ်။

စိုက်ပျိုးရေးဝန်ထမ်းဟောင်းတဦးကတော့ ”အပင်တွေ ကြီးထွားရမယ့်အချိန် အပင်ပွားတွေထွက်ရမယ့် အချိန်မှာ ရေမရရင် ကြာလာရင် စပါးပင်တွေသေမယ်၊ နောက်ကျပြီးမှ ရေပြန်ရရင်လည်း အပင်သားတက်နည်းပြီး စပါးထွက်နှုန်းကို ထိခိုက်မယ်။ အခုက သမန်း(ထွန်ယက်ထားတဲ့မြေ)ကလည်း ရေမရတော့ အက်ကွဲကုန်ပြီး အခုရေရရင်တောင် စိုက်စရိတ်ရဖို့ အတော်ကြိုးစားယူရမယ်” လို့ ပြောပါတယ်။

တောင်သူတွေ အခုလို ရင်ဆိုင်နေရပေမယ့် စစ်ကောင်စီလက်အောက်ခံ ပြည်မြို့နယ်စိုက်ပျိုး‌ရေးဌာနကတော့ မြို့နယ်အတွင်း အခုနှစ် နွေစပါး စိုက်ဧက ၁၄,၅၁၀  စိုက်ပျိုးထားပြီး လျာထားစိုက်ဧကထက် ၆၇၄ ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပုံစာ - ဝက်ထီးကန်တိုက်နယ်က နွေစပါးစိုက်ခင်း။

စာတည်း - လင်းဇေ။

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်မြို့ #ဝက်ထီးကန် #စစ်ကောင်စီ #စိုက်ပျိုးရေးဌာန #စီမံကိန်းဝင် #နွေစပါး #စိုက်ခင်း #ဆည်ရေ #စိုက်ပျိုးစရိတ် #တောာင်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10