ဝက်ထီးကန်မှာ ဆည်မြောင်းက စီမံခန့်ခွဲမှုညံ့ဖျင်းလို့ တောင်သူတွေ ပဲမစိုက်ရဘဲ နစ်နာခဲ့ရ

ဝက်ထီးကန်မှာ ဆည်မြောင်းက စီမံခန့်ခွဲမှုညံ့ဖျင်းလို့ တောင်သူတွေ ပဲမစိုက်ရဘဲ နစ်နာခဲ့ရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်က လယ်သမားတွေအတွက် နွေစပါးစိုက်ပျိုးရေ စောလွှတ်မယ်လို့ စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းက ကြေညာခဲ့လို့ တောင်သူတွေဟာ မတ်ပဲမစိုက်ဘဲနေခဲ့ရာ လက်ရှိအချိန်မတ်ပဲဈေးကောင်းနေတာကြောင့် ပဲစိုက်တောင်သူတွေ နစ်နာခဲ့ရတယ်လို့ သိရပါတယ်။ 

ဝက်ထီးကန်တိုက်နယ်ထဲက မြောက်နဝင်း ဆည်ရေသောက်အုပ်စုတွေဖြစ်တဲ့ တလုပ်ပင်၊ သစ်ချိုပင်၊ လွှစင်နဲ့ အင်းဝင်းစတဲ့ ကျေးရွာအုပ်စုတွေက မတ်ပဲစိုက် ဧက ၅၀၀ နဲ့အထက် စိုက်ပျိုးခွင့် ဆုံးရှုံးရတာလို့ ဆိုပါတယ်။

“တာဝန်ရှိသူတွေက တွက်ချက်မှုညံ့ဖျင်းတာလား၊ လယ်သမားတွေကို နှိပ်ကွပ်တာလားတော့ မပြောတတ်ဘူး။ တကယ်ဆို သေချာတွက်ချက်ပေါ့။ သုံးသီး(မိုးစပါး+ မတ်ပဲ+ နွေစပါး) စိုက်ရင်လည်း ရရဲ့သားနဲ့ ရေလွှတ်စောမယ်ပြောတော့ စိုက်ပြီးမှ ရေဝင်လို့ ပဲတွေသေရင် ဆုံးရှုံးမှာစိုးပြီး မစိုက်ကြတာ” လို့ ဒေသခံ တောင်သူတဦးက ပြောပါတယ်။

”နွေစပါးစိုက်ပျိုးရေ လွှတ်ရက်စောမယ်ဆိုလို့ မတ်ပဲ မစိုက်ဘဲ ထားရတာ။ ပြီးခဲ့တဲ့နှစ်က ဇန်နဝါရီလကုန် ရေပေးတယ်။ ခုနှစ် ဖေဖေါ်ဝါရီလကုန် ရေပေးတာ ဘာမှမကွာဘူး။ ဈေးကောင်းတဲ့ နှစ်ကျမှပဲ မစိုက်ရဘဲ နစ်နာကုန်တာ ကျနော်တို့ ကွင်းတွေက ဆည်မြောင်းနဲ့ ဝေးတော့ ရေရောက်တာလည်း နောက်ကျတယ် ခုမှ(ဖေဖေါ်ဝါရီ ၇ ရက်) ရေစဝင်တာ“ လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

အဲ့ဒီဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းက မိုးစပါးတွေ စတင်ရိတ်သိမ်းတာဖြစ်ပြီး ဆည်ရေပေးတဲ့ ရက်နဲ့ တွက်ချက်ပါက ကွာဟချက် သုံးလခွဲကျော်ရှိကာ သက်တမ်း နှစ်လခွဲနဲ့ သုံးလရှိတဲ့ မတ်ပဲမျိုးကို ရွေးချယ် စိုက်ပျိုးပါက အချိန်မီရိတ်သိမ်းနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီကျေးရွာအုပ်စုတွေမှာ ပြီးခဲ့တဲ့နှစ်က မတ်ပဲစိုက်ပျိုးနိုင်ခဲ့လို့  ဇန်နဝါရီလအတွင်းရိတ်သိမ်းနိုင်ကာ  ဖေဖေါ်ဝါရီလဆန်းမှာပဲ ဆည်ရေလွှတ်ပြီး နွေစပါးစိုက်ပျိုးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စိုက်ပျိုးရေးပညာရှင်တဦးကတော့ မတ်ပဲစိုက်ပျိုးခဲ့တဲ့ မြေတွေမှာ လေထဲကနေစုတ်ယူပြီး အပင်တွက် မရှိမဖြစ် လိုအပ်တဲ့ နိုက်ထရိုဂျင်ဓါတ်တွေပါဝင်တဲ့ ပဲမြစ်ဖုတွေကျန်ခဲ့ပြီး နောက်ထပ်စိုက်ပျိုးမယ့် သီးနှံအတွက် သဘာဝမြေဩဇာဖြစ်စေတယ်လို့ ဆိုပါတယ်။

လက်ရှိပဲခူးတိုင်းအနောက်ခြမ်းက မင်းလှ၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့တွေမှာလည်း မတ်ပဲတွေစတင် ရိတ်သိမ်းနေပြီဖြစ်ရာ ပိဿာ နှစ်ဆယ် တတင်းကို ကျပ်တသိန်းငါးထောင်ကျော်နဲ့ ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။

ပုံစာ - ပဲစိုက်ခင်း ဆေးဖျန်းနေသည့် တောင်သူတဦး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်မြို့ #ဝက်ထီးကန် #စိုက်ပျိုးရေး #မတ်ပဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10