ဝက်လက်ကို စစ်ကူသွားတဲ့စစ်ကား PDF က ကြားဖြတ်တိုက်လို့ အသေအဆုံးများနဲ့ နောက်ပြန်ဆုတ်သွား

ဝက်လက်ကို စစ်ကူသွားတဲ့စစ်ကား PDF က ကြားဖြတ်တိုက်လို့ အသေအဆုံးများနဲ့ နောက်ပြန်ဆုတ်သွား

 

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် လေ့ကျင့်ရေး ၈ ကနေ ဝက်လက်မြို့နယ်ဘက်ကို စစ်ကူထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို  ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ အထိနာကာ နောက်ပြန်ဆုတ်သွားတယ်လို့ သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က သတင်းထုတ်ပြန်ထားပါတယ်။

 

 နိုဝင်ဘာ  ၂၀ ရက် မနက် ၁၁ နာရီလောက်မှာ  အင်အား ၁၀၀ ကျော်ပါတဲ့  စစ်ကား ၄ စီးဟာ ရွှေဘိုမြို့ကနေ ဝက်လက်မြို့နယ်ဘက်ကို  ရွှေဘို-မန္တလေး လမ်းမကြီးအတိုင်း မောင်းနှင်လာတာကို ဘုန်းဘွဲ့ရွာတောင်ဘက်နားမှာ တိုက်ခိုက်ခဲ့ရာ ကား ၁ စီး လမ်းဘေးမြောင်းထဲကျပြီး နောက်ထပ်ကား ၁ စီးမှာလည်း ပျက်စီးသွားတယ်လို့ ပြောပါတယ်။

 

တိုက်ခိုက်ခံရလို့  စစ်အုပ်စုက လူခွဲပုန်းအောင်းပြီး ပြန်လည်ပစ်ခတ်ချိန် ထောင်ထားတဲ့ မိုင်းကွင်းထဲကို ရောက်လာလို့ ထပ်မံတိုက်ခိုက်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

 

 စစ်ယာဉ်တန်းဟာ အဲဒီည(နိုဝင်ဘာ ၂၀ ရက်) ဘန့်ဘွေးရွာမှာ ညအိပ်ပြီး  နိုဝင်ဘာလ ၂၁ ရက်မှာ မနက် ၄ နာရီ လောက်မှာတော့ စစ်အုပ်စုထဲက ကားတစီးဟာ သေဆုံးသူ၊ ဒဏ်ရာရသူတွေကို သယ်ဆောင်ပြီး ဘုန်းဘွဲ့ရွာကနေ ရွှေဘိုမြို့ဘက်ကို ပြန်ထွက်ချိန် ဘုန်းဘွဲ့ရွာနဲ့ ဇီးတောရွာထိပ်ကြားမှာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

 

၂ ရက်တာ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၇၅ လုံး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

 

“မိုင်းဆွဲလိုက်တော့ ဝုန်းဒိုင်းတွေကြဲပြီး အော်ဟစ်သံတွေနဲ့ ဆူညံသွားတာပဲ။ အမှောင်ထဲဆိုတော့ မမြင်ရပဲ အသံတွေတော့ ကြားနေရတာလို့ သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုသိဒ္ဓိက  ပြောပါတယ်။

 

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၁ ရက် မနေ့မနက်ပိုင်းကတော့ စစ်အုပ်စုဟာ ရွှေဘိုကနေ လုံခြုံရေးလိုက်ပါလာတဲ့ အိမ်စီးကား ၁ စီး ကရိန်း ၁ စီးနဲ့ ရောက်လာကာ  မြောင်းထဲက ကားကိုဆွဲတင်ပြီး မွန်းလွဲ  ၁ နာရီလောက်မှာတော့ ကရိန်းအပါကား ၅ စီးဟာ ရွှေဘိုမြို့ထဲကိုပြန်ဝင်သွားတယ်လို့ ပြောပါတယ်။

 

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အန္တရာယ်ကင်းခဲ့တယ်လို့ဆိုပါတယ်။

 

အဲဒီတိုက်ခိုက်မှုုမှာ သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ နဂါးရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေတြိဂံ-ရွှေမင်းသား ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နဂါးမင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ပန်းပျိုးလက် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း(၂၃)-တပ်ခွဲ(၁)၊နောင်ရိုး နဲ့ ဒေါန-ဝါတာကြီး အဖွဲ့တို့ပေါင်းကာတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ရွှေဘိုမြို့တွင်းကနေ ရွှေဘို - ကျောက်မြောင်းလမ်းအတိုင်း ထွက်လာတဲ့ စစ်ကားတစီးကို သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မဟာမိတ်တွေပေါင်းကာ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

 

ပုံစာ - တိုက်ခိုက်ဖို့ ပြင်ဆင်ထားတဲ့ သဲအိတ်ဘန်ကာများ

စာတည်း-လင်းဇေ

 

#မြေလတ်အသံ

 

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #လေ့ကျင့်ရေး၈ #ဝက်လက်မြို့ #စစ်ကူ #စစ်ကောင်စီ #ယာဉ်တန်း  #သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10